ရုရှားနှင့်ပွဲသည် ခက်ခဲမည်ဖြစ်ကြောင်း စပိန်ကွင်းလယ်လူ အစ္စကိုပြောကြား

လူစားဝင်တိုက်စစ်မှူး အက်စ်ပတ်၏ နောက်ကျချေပဂိုးကြောင့် မော်ရိုကိုနှင့် နှစ်ဂိုးစီ သရေကျကာ အုပ်စု (B) ပထမနေရာရပြီးနောက် အိမ်ရှင်ရုရှား နှင့် ရင်ဆိုင်ရမည့် (၁၆)သင်းအဆင့် ပွဲစဉ်သည် အလွန်ခက်ခဲမည် ဖြစ်ကြောင်း စပိန်ကွင်းလယ်လူ အစ္စကိုက ပြောသည်။

မော်ရိုကို၏ နှစ်ကြိမ်တိုင် ဦးဆောင်ခံရသည့် စပိန်သည် နောက်ကျချေပဂိုးကြောင့် ယခုအခါ ၂၃ ပွဲ ဆက်ရှုံးမရှိ စွမ်းဆောင်နိုင်ပြီး အုပ်စု (A) ဒုတိယနေရာရ ရုရှားနှင့် ဇူလိုင် ၁ ရက်တွင် (၁၆) သင်းအဆင့် ပွဲစဉ် ကစားမည်ဖြစ်သည်။
‘‘ရုရှားနဲ့ပွဲက ခက်ခဲမှာပါ။ သူတို့ရဲ့နောက်မှာ ရုရှားတစ်နိုင်ငံ လုံးရှိနေပြီး ခြေစွမ်းကလည်း ကောင်းပါတယ်။ ကမ္ဘာ့ဖလား ပြိုင်ပွဲအကြို နိုင်ငံတကာခြေစမ်း ပွဲမှာ ရုရှားနဲ့ ကစားခဲ့တာကြောင့် သူတို့အကြောင်း ကျွန်တော်တို့ သိပါတယ်’’ဟု ယခုပွဲအကောင်းဆုံး ကစားသမားဆုရှင် အစ္စကိုက ပြောသည်။

ယခုရလဒ်ကြောင့် စပိန်သည် ၁၉၈၂ နောက်ပိုင်း ကမ္ဘာ့ဖလားအုပ်စု နောက်ဆုံးပွဲစဉ်တွင် ပထမဆုံးနိုင်ပွဲပျောက်ပြီး ယခင် အုပ်စုနောက်ဆုံးပွဲစဉ် ရှစ်ပွဲစလုံး အနိုင်ရခဲ့သည်။

မိမိတို့ ကံကောင်းသဖြင့် ရှုံးပွဲ မကြုံဘဲ အုပ်စုဗိုလ်ဖြစ်ခဲ့ကြောင်း စပိန်နည်းပြ ဟီယာရိုက ပြော သည်။

‘‘မော်ရိုကိုက ဒီထက်မကတဲ့ ရလဒ်နဲ့ တိုက်တန်ပြီး အုပ်စုပွဲစဉ် အကုန်လုံး ခက်ခဲစေခဲ့ပါတယ်။ အုပ်စုဗိုလ် ဖြစ်တာက ကံကောင်းလို့ပါ။ ဘယ်လိုပဲဖြစ်ဖြစ် အုပ်စု ဗိုလ်ဖြစ်ခဲ့လို့ ကျွန်တော်တို့ ပျော်ရွှင်ရပါတယ်။ အခုတော့ ရုရှားနဲ့ ပွဲကို အာရုံစိုက်ရပါတော့မယ်’’ဟု ဟီယာရိုက ပြောသည်။

အုပ်စု (B) ဒုတိယ ပေါ်တူဂီ က အုပ်စု (A) ပထမ ဥရုဂွေးနှင့် (၁၆)သင်းအဆင့်တွင် ရင်ဆိုင်တွေ့နေသည်။

—Ref: Reuters/fifa.com