ဟယ်ရီကိန်းကို ဘယ်သူနဲ့မှမလဲနိုင်တဲ့ အင်္ဂလန်နည်းပြဆောက်ဂိတ်
အင်္ဂလန်အသင်းနည်းပြ ဂါရတ်ဆောက်ဂိတ်က တိုက်စစ်မှူးဟယ်ရီကိန်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရှိနေတဲ့ တခြား ဘယ်သူနဲ့မှ မလဲနိုင်ဘူးလို့ ချီးကျူးပြောကြားလိုက်ပါတယ်။
အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ပနားမားကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူပြီး 2018 ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံးစာရင်းမှာ စီရော်နယ်ဒိုကို ကျော်ဖြတ်ကာ ထိပ်ဆုံးက ဦးဆောင် နိုင်ခဲ့ပါတယ်။ ပနားမားနဲ့ပွဲက သွင်းဂိုး 2 ဂိုးက ပင်နယ်တီကနေတစ်ဆင့် ရခဲ့တာဖြစ်ပေမယ့် ဆောက်ဂိတ်ကတော့ ပင်နယ်တီဆိုတာ အချိန်မရွေးလွဲချော်သွားနိုင်တာမျိုးလို့ ဆိုခဲ့ပြီး ကစားသမားရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ အသင်းအတွက် ပေးဆပ်နိုင်မှုတွေအပေါ် ချီးကျူးသွားခဲ့တာဖြစ်ပါတယ်။ ”ပင်နယ်တီလား… အဲဒါတွေက အလွယ်တကူပဲ လွဲချော်သွားတတ်တာမျိုးပါ။ စောင့်နေရတဲ့ အချိန်နဲ့ အာရုံပျက်ပြားအောင် လုပ်ဆောင်မှုတွေ ကြားမှာ အာရုံစူးစိုက်မှုကို ပြန်လည်တည်ဆောက်ဖို့ လိုပါတယ်။ အဲဒါဟာ ကစားသမားရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု ဘယ်လောက်ရှိသလဲဆိုတာကို ပြသနေတာပါပဲ။
အခုဆိုရင် သူက ဂိုးသွင်းအများဆုံး စာရင်းရဲ့ ထိပ်ဆုံးကို ရောက်သွားပါပြီ။ နံပါတ် 9 နဲ့ ပတ်သက်ပြီးပြောရရင် သူ့ကို ဒီပြိုင်ပွဲမှာ ရှိနေတဲ့ တခြားဘယ်သူနဲ့မှ ကျွန်တော်တို့ လဲနိုင်မှာ မဟုတ်ပါဘူး။ အခွင့်အရေးရတာနဲ့ သူက ပြိုင်ဘက်တွေကို နစ်မြုပ်ပစ်လိုက်မယ့်သူပါ။ သူ့ရဲ့ဖိအားပေးမှု၊ တိုက်စစ်မှာ ဘောလုံးကို ထိန်းထားနိုင်မှု၊ ဖြန့်ဝေပေးနိုင်မှုတို့အပြင် အသင်းအတွက် ပေးဆပ်ကစားနိုင်မှုတွေကလည်း အရမ်းကို အရေးပါခဲ့ပါတယ်”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။
အဲဒီပွဲအပြီးမှာ ဆောက်ဂိတ်က အဓိကပြိုင်ဘက်ဖြစ်တဲ့ ဘယ်လ်ဂျီယံနဲ့ အုပ်စုနောက်ဆုံးပွဲမှာ အသင်းရဲ့ လူစာရင်းကို အပြောင်းအလဲတချို့လုပ်ဆောင်နိုင်ကြောင်းလည်း ပြောကြားသွားခဲ့ပြီး အသင်းမှာရှိနေတဲ့ ကစားသမား အားလုံး အပေါ်မှာ အပြည့်အ၀ယုံကြည်ထားကြောင်းလည်း ဆိုခဲ့ပါတယ်။
-Ref; Sky sports