မက်ဆီတစ်ယောက် ငြိမ်းချမ်းစွာ အနားယူသင့်နေပြီလား

မနေ့ညက ကစားသွားခဲ့တဲ့ အရေးပါတဲ့ အုပ်စုဒုတိယပွဲစဉ်မှာ ပြိုင်ဘက် ခရိုအေးရှားကို 3-0 နဲ့ ဂိုးပြတ်အရေးနိမ့် သွားခဲ့တာကြောင့် တိုက်စစ်မှူး မက်ဆီအနေနဲ့ အာဂျင်တီးနားအသင်းကို ဒုတိယအကြိမ် စွန့်ခွာသင့်ပြီဆိုတဲ့ တိုက်တွန်းမှုများစွာ ထွက်ပေါ်လာပါတယ်။

Twitter ပေါ်မှာ မက်ဆီနဲ့ပတ်သက်တဲ့ မှတ်ချက်အများစုက ငြိမ်းချမ်းစွာနဲ့ လက်ရွေးစင်ဘ၀ကနေ အနားယူပါတော့ဆိုတဲ့ တိုက်တွန်းမှုတွေချည်းပါပဲ။ မက်ဆီဟာ ကိုပါအမေရိကဖလားမှာ ချန်ပီယံဖြစ်ခွင့် လက်လွှတ်ခဲ့ရပြီးနောက် အာဂျင်တီးနားလက်ရွေးစင်ဘ၀ကနေ အနားယူကြောင်း ကြေညာခဲ့ဖူးပြီး အဲဒီအချိန်က ပရိသတ်တွေအပြင် အာဂျင်တီးနားသမ္မတကိုယ်တိုင်က မက်ဆီ ပြန်ကစားဖို့ တိုက်တွန်းခဲ့တာပါ။ နောက်ပိုင်းမှာ မက်ဆီက သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြန်ပြောင်းပြီး အာဂျင်တီးနားအတွက် ကစားပေးခဲ့သလို ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်လာတာကလည်း နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ပေးခဲ့တဲ့ မက်ဆီကြောင့်ပါပဲ။

ဒါပေမဲ့ အာဂျင်တီးနားရဲ့လက်ရှိအခြေအနေကြောင့် မက်ဆီအနေနဲ့ လက်ရွေးစင်ဘ၀က အနားယူပြီး ဘယ်တော့မှပြန်လှည့်မကြည့်သင့်တော့ဘူးလို့ သူ့ရဲ့ ပရိသတ်တွေက တိုက်တွန်း လာကြတာပါ။ ဒါဟာ အာဂျင်တီးနားပရိသတ်တွေတင် မဟုတ်ဘဲ ကမ္ဘာ့အနှံ့က မက်ဆီရဲ့ ပရိသတ်တွေလည်း ပါဝင်ပါတယ်။

”ဒီထက်ပိုပြီး နာမည်မပျက်ချင်ရင် လက်ရွေးစင်ဘ၀က နားပါတော့ မက်ဆီ”…..”မက်ဆီကို ငြိမ်းချမ်းစွာနဲ့ အနားယူဖို့ သူတို့ခွင့်ပြုပေးလိုက်သင့်ပြီ”…”တကယ်လို့ အာဂျင်တီးနား နောက်တစ်ဆင့် မတက်ရင် မက်ဆီ အနားယူသင့်ပြီ၊ နောက်လည်းထပ် မကစားနဲ့တော့”…”အာဂျင်တီးနားအတွက် မက်ဆီ ဘာမှလုပ်ပေးလို့ရမှာ မဟုတ်ဘူး၊ တစ်သင်းလုံးက အမှိုက်တွေချည်းပဲ” စတဲ့ မှတ်ချက်ပေါင်းများစွာကို တွေ့မြင်ခဲ့ရပြီး မက်ဆီ ကိုယ်တိုင်ကလည်း ကမ္ဘာ့ဖလားမှာသာ အုပ်စုက ထွက်လိုက်ရရင် အာဂျင်တီးနားအသင်းကို အမှန်တကယ် စွန့်ခွာ သွားနိုင်ချေ ရှိနေပါတယ်။

The one sports journal