မြန်မာနှင့်ကန်သည့်ပွဲတွင် ဆွဲကြိုးဝှက်ယူလာသည့် တရုတ်ဘောလုံးသမား တနှစ်ပွဲပယ်ခံရ

ပြီးခဲ့တဲ့လက မြန်မာနဲ့ တရုတ်လက်ရွေးစင်အသင်းတို့ တရုတ်နိုင်ငံမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲမှာ ကွင်းထဲကို ဆွဲကြိုးဝှက်သယ်ယူလာတဲ့ တရုတ်ဘောလုံးသမားတဦးကို တရုတ်ဘောလုံးအဖွဲ့ချုပ်က ၁၂ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်ပါတယ်။

တရုတ်လက်ရွေးစင်အသင်းနဲ့ တရုတ်စူပါလိဂ် ရှန်ဟိုင်း SIPG ကလပ်အသင်း နောက်ခံကစားသမား ဝန်ရှန်ချာအိုဟာ ပွဲချိန် မိနစ် ၆၀ မှာ လူစားလဲ ဝင်ရောက်လာခဲ့ပြီး လည်ပင်းမှာ ဝတ်ဆင်ထားတဲ့ ဆွဲကြိုးကို ဖြုတ်ကာ ခြေစွပ်ထဲ ဝှက်ထည့်ပြီး ကစားခဲ့တာပါ။

တရုတ်ဘောလုံးအဖွဲ့ချုပ်က သူ့ကို လာမယ့် တရုတ်နဲ့ ထိုင်းအသင်းတို့ရဲ့ ချစ်ကြည်ရေးပွဲမှာ ပါဝင်ခွင့်ပေးမှာ မဟုတ်သလို တရုတ်နိုင်ငံအသင်းမှာ ကိုယ်စားပြု ပါဝင်ခြင်းမပြုဖို့ ၁၂ လ ပွဲပယ်ပြစ်ဒဏ် ချမှတ်လိုက်တာပါ။

ဒါ့အပြင် ရှန်ဟိုင်းကလပ်အသင်းကလည်း သူ့ကို ဒေါ်လာ ၃၁၂၃ နဲ့ ညီမျှတဲ့ တရုတ်ယွမ်ငွေ ၂၀၀၀၀ ဒဏ်ရိုက်ခဲ့ပြီး ဘောလုံးသမား ဝန်ကတော့ သူ့ရဲ့အပြုအမူအတွက် တောင်းပန်ခဲ့ပါတယ်။

ဘောလုံးကစားသမားတွေအနေနဲ့ သူတို့ပိုင်ဆိုင်တဲ့ ဆွဲကြိုး၊ လက်ကောက်၊ လက်စွပ် စတဲ့ လက်ဝတ်ရတနာတွေနဲ့ နားကပ်၊ သားရေ၊ ရာဘာကွင်း စတာတွေကို ကွင်းထဲ ယူဆောင်မလာဖို့နဲ့ ကွင်းထဲမဝင်ခင် အပြင်မှာထားခဲ့ဖို့ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်တွေက စည်းကမ်းတင်းကျပ် ချထားတာ ဖြစ်ပါတယ်။

မေလ ၂၆ ရက်က တရုတ်နိုင်ငံ နန်ကျင်းမြို့ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ချစ်ကြည်ရေးပွဲစဉ်မှာတော့ တရုတ်အသင်းက မြန်မာအသင်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

DVB