နယူးဇီလန်၌ ဆိုးရွားသော ရောဂါပိုးပျံ့နှံ့နေသဖြင့် ကျွဲ၊ နွားအကောင်ရေ တစ်သိန်းကျော်ကို သုတ်သင်မည်
နယူးဇီလန်နိုင်ငံ ၌ ဆိုးရွားသော Mycoplasma Bovis ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ရေး ကျွဲ၊ နွားအကောင်ရေ ၁၂၆,၀၀၀ ကို သုတ်သင်ရှင်းလင်းရန် မေလ ၂၈ ရက်တွင် အမိန့်ထုတ်ပြန်ခဲ့သည်။
ကျွဲ၊ နွား တိရစ္ဆာန်များတွင် ဖြစ်ပွားသော ယင်းရောဂါသည် နို့အုံသားတစ်သျှူးများ ပျက်စီးခြင်း၊ အဆုပ်ရောင်ခြင်းနှင့် အဆစ် အမြစ်နာကျင်ခြင်း စသည့်ရောဂါများ ဖြစ်ပွားစေသည်။
‘‘ကျွဲ၊ နွားတွေကို သုတ်သင်ဖို့ ဆုံးဖြတ်ရတာက ကျွန်တော်တို့ရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေး ကဏ္ဍကို ကာကွယ်ဖို့ပါ’’ဟု ဝန်ကြီးချုပ် ဂျာစီဒါအာ ဒန်က ပြောသည်။
ကျွဲ၊ နွား အများအပြား သုတ်သင်ခြင်းကို မည်သူမျှ အလိုမရှိ သော်လည်း ထိုသို့ မသုတ်သင်ပါက ရောဂါပိုးသည် နိုင်ငံတစ် ဝန်းရှိ တိရစ္ဆာန်များသို့ ပျံ့နှံ့ကူး စက်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ကျွဲ၊ နွား တိရစ္ဆာန်များတွင် ဖြစ်ပွားသော Mycoplasma Bovisရောဂါပိုးသည် လူသားများ စားသုံးသော နွားနို့နှင့် အသားများသို့ ကူးစက်မှု မရှိပေ။
သို့သော် နယူးဇီလန်နိုင်ငံ သည် ပို့ကုန်ဝင်ငွေရရန် ကျွဲ၊ နွားမွေးမြူရေးလုပ်ငန်းအပေါ် အဓိကမှီခိုနေသော နိုင်ငံဖြစ်၍ ထိုရောဂါ ပိုးကို အပြီးသတ်နှိမ်နင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိအချိန်အထိ Myco-plasma Bovis ရောဂါပိုးကို မွေးမြူရေးခြံ ၄၀ ခန့်တွင် တွေ့ရှိထားသော်လည်း တနင်္လာနေ့က အမိန့်ထုတ်ပြန်ချက်အရ မွေးမြူရေးခြံ ၁၉၂ ခြံရှိ ကျွဲ၊ နွားများကို သုတ်သင်မည်ဖြစ်သည်။
နယူးဇီလန်နိုင်ငံတွင် ယင်း ရောဂါပိုး စတင်တွေ့ရှိသည့် လွန်ခဲ့သော ၁၀ လကတည်းက ကျွဲ၊ နွားအကောင်ရေ ၂၆,၀၀၀ ကိုသုတ်သင်ရှင်းလင်းခဲ့သည်။
လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဒါမီအိုကွန်နာက အရင်းအမြစ်တစ်ခုမှ ထိုရောဂါပိုး ပျံ့နှံ့လာကြောင်း ယူဆပြီး ကျွမ်းကျင်သူများ လေ့လာချက်အရ ထိန်းချုပ်နှိမ်နင်းနိုင်သည်ဟု ပြောသည်။
—Ref: AFP