အငြင်းပွားဖွယ် အခြေအနေများနှင့်အတူ ဗင်နီဇွဲလား ရွေးကောက်ပွဲတွင် သမ္မတ မာဒူရို အနိုင်ရ

ဗင်နီဇွဲလား ရွေးကောက်ပွဲတွင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည့်တိုင် လက်ရှိ သမ္မတ နစ်ကိုလက်စ် မာဒူရိုက အနိုင်ရသွားခဲ့သည်။

မဲအားလုံး၏ ၉၀ ရာခိုင်နှုန်းကျော် ရေတွက်ပြီးချိန်၌ မာဒူရိုသည် ထောက်ခံမဲ ၆၇.၇ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ကြေညာခဲ့သည်။ အဓိက အတိုက်အခံခေါင်းဆောင် ဟင်နရီ ဖယ်လ်ကွန်ကမူ မဲအရေအတွက် ၂၁.၂ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။ ထို့ကြောင့် မာဒူရိုသည် ဒုတိယ ၆ နှစ် သက်တမ်းအတွက် သမ္မတအဖြစ် ဆက်လက် ထမ်းဆောင်တော့မည် ဖြစ်သည်။

ဗင်နီဇွဲလားတွင် စီးပွားရေး ဆိုးရွားစွာ အကျပ်ရိုက်မှုများနှင့်အတူ စားနပ်ရိက္ခာ ပြတ်လပ်မှုများလည်း ကြုံနေရသည်။ ပြည်သူအများသည် နိုင်ငံရေးကို စိတ်ဝင်စားမှု နည်းပါးနေပြီး မဲရုံများသို့ မဲပေးခွင့်ရှိသူ စုစုပေါင်း၏ ၄၆ ရာခိုင်နှုန်းသာ ရောက်လာခဲ့ကြောင်း သိရသည်။

အတိုက်အခံခေါင်းဆောင် ဖယ်လ်ကွန်က ရွေးကောက်ပွဲ ရလဒ်သည် ရိုးသားမှု မရှိသလို ၎င်းတို့ အနေဖြင့် အသိအမှတ် ပြုမည် မဟုတ်ဟု ကြေညာသည်။ “ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွေဟာ မှန်ကန်ရိုးဖြောင့်မှု အားနည်းလွန်းပါတယ်။ ဒီရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ပါဘူး။ ဗင်နီဇွဲလားဟာ ရွေးကောက်ပွဲ အသစ်တစ်ခု လိုအပ်နေပါပြီ”ဟု ၎င်းက ဆိုသည်။

မာဒူရိုကမူ မေလ ၂၀ ရက်နေ့ ညပိုင်းတွင် ရွေးကောက်ပွဲ ရလဒ်များ ထွက်ပေါ်လာပြီးနောက် ထောက်ခံ အားပေးသူများနှင့်အတူ အောင်ပွဲခံခဲ့ချိန်၌ ၎င်း၏ အောင်မြင်မှုမှာ စစ်မှန် ထိုက်တန်ကြောင်း တုံ့ပြန်သွားခဲ့သည်။

“ကျွန်တော့် ပြိုင်ဘက်တွေက ကျွန်တော့်ကို လျှော့တွက်ခဲ့ကြတာကိုး။ ဒီရွေးကောက်ပွဲဟာ မမှန်မကန်စရာ ဘာမှ မရှိပါဘူး”ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။ အတိုက်အခံပါတီ အများစုကမူ ဖယ်လ်ကွန်ဖက်သို့ ယိမ်းကာ ရွေးကောက်ပွဲ ရလဒ်ကို သပိတ်မှောက်ကြောင်း အသီးသီး ကြေညာခဲ့ကြသည်။

ရွေးကောက်ပွဲ မတိုင်မီက ဖယ်လ်ကွန်သည် ဗင်နီဇွဲလား ပြည်သူ အများစု အနေဖြင့် မာဒူရိုကို သမ္မတ ရာထူးမှ ဖယ်ရှားရန် ဆန္ဒရှိနေသည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့ဖူးသည်။ 

Ref: AFP