မြန်မာနိုင်ငံတွင် ပြည်တွင်း ခရီးစဉ်များ ပျံသန်းရန် ဆွေးနွေးမှုကို AirAsia ရပ်ဆိုင်း

မြန်မာနိုင်ငံတွင် ပြည်တွင်း လေကြောင်း ခရီးစဉ်များ ပျံသန်းရန် ဆွေးနွေးမှုများ ရပ်ဆိုင်းသွားပြီဖြစ်ကြောင်း AirAsia လေကြောင်းလိုင်းက အတည်ပြုခဲ့သည်။

AirAsia၏ အမှုဆောင်ချုပ် တိုနီဖာနန်ဒက်စ်က မြန်မာဖက်မှ မိတ်ဖက် လုပ်ငန်းစု တစ်ခုနှင့် ပူးပေါင်း၍ ပြည်တွင်း လေကြောင်းလိုင်း ထူထောင်ရန် ဆွေးနွေးမှုများ ရပ်ဆိုင်းသွားပြီဟု မေလ ၁၅ ရက်က ဘန်ကောက်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ဖာနန်ဒက်စ်က ၎င်း၏ ဘတ်ဂျတ်လေကြောင်းလိုင်း အနေဖြင့် မြန်မာနိုင်ငံသို့ လုပ်ငန်းချဲ့ထွင်ရန်အတွက် အလားအလာရှိသော ပြည်တွင်း မိတ်ဖက် ကုမ္ပဏီ တစ်ခုနှင့် ဆွေးနွေးနေကြောင်း မတ်လအတွင်းက Reutersသို့ မှတ်ချက်ပေးခဲ့ဖူးသည်။ မြန်မာနိုင်ငံတွင် ခရီးစဉ် ချဲ့ထွင်ခြင်းဖြင့် AirAsia အနေဖြင့် အရှေ့တောင်အာရှ နိုင်ငံများ၏ ၉၅ ရာခိုင်နှုန်းသော ပျံသန်းမှု ကွန်ရက်ကို ဖြန့်ကျက်နိုင်လာမည် ဖြစ်သည်။

သို့သော် ယခုအခါတွင်မူ မြန်မာဖက်မှ မိတ်ဖက် ကုမ္ပဏီနှင့် လက်တွဲရန် အခြေအနေ မသင့်တော့ဟု ဖာနန်ဒက်စ်က ဝန်ခံခဲ့သည်။ “ဆွေးနွေး ညှိနှိုင်းမှုတွေ ရပ်ဆိုင်းသွားပါပြီ။ လောလောဆယ်မှာတော့ မြန်မာနိုင်ငံထဲကို ကျွန်တော်တို့ ဝင်ရောက် လှုပ်ရှားဦးမှာ မဟုတ်ပါဘူး။ နောက်ကျရင်တော့ ဖြစ်ကောင်း ဖြစ်လာပါဦးမယ်။ ဒါပေမဲ့ လတ်တလောမှာတော့ မြန်မာနိုင်ငံထဲ လုပ်ငန်း အခြေမချသေးဘူးလို့ ဆုံးဖြတ် လိုက်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။

AirAsia အနေဖြင့် မြန်မာနိုင်ငံမှ ၎င်းတို့ ချိတ်ဆက် ညှိနှိုင်းခဲ့သော အဖွဲ့အစည်း၏ အမည်ကိုမူ မထုတ်ပြန်ခဲ့ချေ။ မလေးရှားတွင် အခြေစိုက်သည့် ဘတ်ဂျတ် လေကြောင်းလိုင်းသည် ၁၉၉၆ ကတည်းက လုပ်ငန်း စတင်ခဲ့ပြီး နိုင်ငံပေါင်း ၂၅ ခုမှ မြို့ပေါင်း ၁၂၅ မြို့သို့ ခရီးစဉ်များ ချိတ်ဆက် ပျံသန်းလျက်ရှိသည်။

Ref: Reuters