ဂရစ်မန်းရဲ့ သွင်းဂိုးတွေနဲ့အတူ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့ အက်သလက်တီကိုမက်ဒရစ်

မနေ့ညက အက်သလက်တီကိုမက်ဒရစ်အသင်းက မာဆေးလ်အသင်းကို (၃)ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပြီး ယူရိုပါလိဂ် ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒီယေဂိုဆီမြွန်နီနဲ့ အက်သလက်တီကို အသင်းတို့ရဲ့ နောက်ထပ် အောင်မြင်မှု တစ်ခုဖြစ်သလို စပိန်ကလပ်တွေရဲ့ ယူရိုပါလိဂ်အောင်မြင်မှု တစ်ခုလည်း ဖြစ်ပါတယ်။

ဥရောပဖလားပြိုင်(ယူရိုပါလိဂ်+ချန်ပီယံလိဂ်)မှာ ဖလားရခဲ့တဲ့ နောက်ဆုံး (၉) သင်းမှာ (၈) သတင်းက စပိန်အသင်းတွေ ဖြစ်နေတာ ဖြစ်ပါတယ်။ ရီးရဲလ်သာ ဖလားရ ခဲ့ရင်တော့ ဥရောပ ဖလားပြိုင်တွေရဲ့ နောက်ဆုံး (၁၀) ကြိမ်မှာ စပိန်အသင်းတွေက (၉)ကြိမ်အထိ ဖလားရတော့မှာ ဖြစ်ပါတယ်။

အက်သလက်တီကို အသင်းဟာ မနေ့ညက ပွဲစဉ်မှာ အကောင်းဆုံး ကစားခဲ့ပြီး သက်တောင့်သက်သာ အနိုင်ရ သွားခဲ့တာ ဖြစ်ပါတယ်။ မာဆေးလ်အသင်းက ပထမပိုင်း အစနားမှာရတဲ့ အခွင့်အရေးတွေကို အဆုံးမသတ်နိုင်ခဲ့ပဲ အက်သလက်တီကို မက်ဒရစ် ရသွားတဲ့ ပထမဆုံးဂိုးမှာလည်း မားဆေးလ်အသင်း ရဲ့ နောက်တန်း မှားယွင်းခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမားပေးတဲ့ ဘောလုံးကို မာဆေးလ်နောက်တန်းက မထိန်းနိုင်ခဲ့ပဲ အက်သလက်တီကို မက်ဒရစ်ခြေထဲ ရောက်သွားတာကို ဂရစ်မန်းက အမှားအယွင်းမရှိ သွင်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းစပြီး သိပ်မကြာခင်မှာလည်း ဂရစ်မန်းကပဲ ဒုတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူခဲ့ပါတယ်။ ကိုကီချပေးတဲ့ဘောလုံးကို ဂရစ်မန်းက ဘယ်ခြေနဲ့အသာအယာ အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး တတိယမြောက်ဂိုးကိုတော့ ဂါဘီက ၈၈မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ယူရိုပါလိဂ်ဖလား နိုင်ပွဲနဲ့ပတ်သက်ပြီး ဆီမြွန်နီက “ဒီရာသီက ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် ဒီယူရိုပါလိဂ်ဖလားက ဖလားတစ်ခုဆိုတာထက် ပိုပါတယ်။ ဒီဖလားဟာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ ဇွဲရှိမှုကို ပြသနေပါတယ်။ လွန်ခဲ့တဲ့ နှစ်တွေအတွင်း ကျွန်တော်တို့ချန်ပီယံလိဂ်ဖိုင်နယ်မှာ ၂ကြိမ်ရှုံးခဲ့ပါတယ်။ ကျွန်တော်တို့ ဒီနှစ် ချန်ပီယံလိဂ်မှာလည်း ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး။ ဒါပေမယ့် ဒီပြိုင်ပွဲကိုရောက်တဲ့အခါ ကျွန်တော်တို့ ခြေစွမ်းကောင်းတွေ ပြန်ရလာခဲ့ပါတယ်။ ကြိုစားမှုရဲ့ အသီးအပွင့်တွေဖြစ်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

Source: Duwun