ဘောလုံအသင်းတစ်သင်းရဲ့ ပရိသတ်တစ်ဦးကို အခြားအသင်းတွေရဲ့ ဆန့်ကျင်သူဖြစ်ရမယ်လို့ ရှုမြင်ကြတာက လက်ရှိ လူ့အဖွဲ့အစည်းရဲ့ ပြဿနာတစ်ခုပါပဲ ဟု ရာဖေးနာဒဲလ် ပြန်လည်တုံ့ပြန်
နာမည်ကျော် စပိန်တင်းနစ်သမား ရာဖေးနာဒဲလ်က မိမိအပေါ် ဝေဖန်မှုများ ပြုလုပ်ခဲ့သည့် ရီးရဲမက်ဒရစ်အသင်း ပရိသတ်များကို တုံ့ပြန်ပြောဆိုမှု ပြုလုပ်လိုက်သည်။ အသက် ၃၁ နှစ်အရွယ်ရှိ နာဒဲလ်သည် ရီးရဲမက်ဒရစ် အသင်း၏ ပရိသတ်တစ်ဦးအဖြစ် လူသိများသူဖြစ်သည်။
ပြီးခဲ့သည့် မေလ ၄ ရက်တွင် အက်သလက်တီကို မက်ဒရစ်အသင်းက အိမ်ကွင်းတွင် အာဆင်နယ်အသင်းအား လက်ခံကစားခဲ့သော ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲအား အက်သလက်တီကိုအသင်း ဒါရိုက်တာများ နေရာမှ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး အက်သလက်တီကိုအသင်းဂျာစီအား လည်စီးသဖွယ် စည်းနှောင်ထားခဲ့ သည့် ဓာတ်ပုံများ ပေါ်ထွက်လာခဲ့ပြီးနောက် အက်သလက်တီကိုအသင်း၏ မြို့ခံပြိုင်ဘက်ဖြစ်သည့် ရီးရဲမက်ဒရစ် အသင်းပရိသတ်များက နာဒဲလ်အား ဝေဖန်မှုများ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ထိုကဲ့သို့ ဝေဖန်မှုများနှင့် ပတ်သက်၍ နာဒဲလ်က “ဘောလုံအသင်းတစ်သင်းရဲ့ ပရိသတ်တစ်ဦးကို အခြားအသင်းတွေ ဆန့်ကျင်သူဖြစ်ရမယ်လို့ ရှုမြင်ယူဆကြတာက လက်ရှိလူ့အဖွဲ့အစည်းရဲ့ ပြဿနာတစ်ခုပါပဲ။ ကျွန်တော်က ရီးရဲမက်ဒရစ်အသင်းပရိသတ်ပါ။
ဒါပေမဲ့ အက်သလက်တီကိုအသင်းမှာလည်း ကျွန်တော့်ရဲ့ မိတ်ဆွေ အများကြီး ရှိနေပါတယ်။ အက်သလက်တီကို အသင်းဟာ ဥရောပ ထိပ်တန်းအဆင့်ပြိုင်ပွဲတစ်ခုမှာ အင်္ဂလိပ်ကလပ်အသင်း တစ်သင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်က အဲဒီပွဲကို သွားရောက်အားပေးခဲ့တာဖြစ်သလို အက်သလက်တီကိုအသင်း တာဝန်ရှိသူတွေကလည်း ကျွန်တော့်ကို လာရောက်အားပေးဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။
အက်သလက်တီကိုအသင်းဥက္ကဋ္ဌက ကျွန်တော့်ကို အက်သလက်တီကိုအသင်း ဂျာစီတစ်ထည် လက်ဆောင် ပေးခဲ့ပါတယ်။ အဲဒီပွဲ ကစားခဲ့တဲ့ညမှာ ရာသီဥတုက အေးတာကြောင့် ကျွန်တော်က ချမ်းစိမ့်စိမ့်ဖြစ်နေခဲ့တယ်။ ဒါကြောင့် လက်ဆောင်ရထားတဲ့ အက်သလက်တီကိုအသင်း ဂျာစီကို ကျွန်တော်က လည်စီးသဖွယ် စည်းနှောင် ထားခဲ့တာပါ” ဟု ပြောဆိုခဲ့သည်။
အက်သလက်တီကိုအသင်းသည် ဆီမီးဖိုင်နယ်အဆင့်တွင် အာဆင်နယ်အသင်းအား နှစ်ကျော့ပေါင်း ၂-၁ ဖြင့် အနိုင်ရကာ ဗိုလ်လုပွဲအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီး ယူရိုပါလိဂ်ဗိုလ်လုပွဲကို လာမည့် မေလ ၁၆ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကာ အက်သလက်တီကိုအသင်းသည် မာဆေးအသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
Crd; Akonthi