အီရန် နျူကလီးယားသဘောတူညီချက်ကနေ အမေရိကန် နုတ်ထွက်
အီရန် နျူကလီးယားထိန်းချုပ်ရေးအတွက် ၂၀၁၅ ခုနှစ်က ချုပ်ဆိုရရှိထားသည့် သဘောတူညီချက်ထဲကနေ အမေရိကန် နုတ်ထွက်မည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာလိုက်သည်။ တစ်ဆက်တည်းမှာပင် အီရန်အပေါ် ပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများ ပြန်လည် ချမှတ်သွားမည်ဟု ထရမ့်က မေလ ၈ ရက်တွင် ပြောဆိုသွားသည်။
အဆိုပါ အီရန် သဘောတူညီချက်ကနေ မနုတ်ထွက်ရန် ဥရောပအသိုင်းအ၀ိုင်းက ၀ိုင်းဝန်းမေတ္တာရပ်ခံနေသည့် ကြားက ယခုအခါ အမေရိကန် နုတ်ထွက်သွားခြင်းကြောင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းအကြား အုတ်အော် သောင်းနင်း ဖြစ်စေခဲ့သည်။
သမ္မတ ဒေါ်နယ်ထရမ့်က အဆိုပါ ၂၀၁၅ အီရန် နျူသဘောတူညီချက်အပေါ် ပြင်းထန်စွာ ဝေဖန်ပြစ်တင်ထားခဲ့ပြီး ယင်းသဘောတူညီချက်က အီရန်တို့၏ နျူကလီးယားရည်မှန်းချက်များအပေါ် တားဆီးနိုင်ခြင်း မရှိခြင်းကြောင့် အမေရိကန်အတွက် ရှယ်ဖွယ်ကိစ္စတစ်ခုဖြစ်နေကြောင်း ပြောဆိုထားသည်။
“ အီရန် နျူကလီးယားသဘောတူညီချက်ကနေ အမေရိကန် နှုတ်ထွက်မှာ ဖြစ်တယ်ဆိုတာကို ကျွန်တော် ဒီကနေ့ပဲ ကြေညာပါတယ်” ဆိုပြီး ထရမ့်က အိမ်ဖြူတော်ကနေတဆင့် နိုင်ငံတစ်ဝှမ်း မိန့်ခွန်းပြောကြားမှုတွင် ထုတ်ဖော်သွားသည်။
အီရန်တို့၏ နျူကလီးယားပရိုဂရမ်ကို ထိန်းချုပ်ရန် ရည်ရွယ်သည့် အဆိုပါ သဘောတူညီချက်ကို ကမ္ဘာ့ အင်အားကြီး နိုင်ငံများဖြစ်ကြသည့် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ်၊ ဂျာမနီ၊ အီးယူ(ဥရောပ သမဂ္ဂ) နှင့် အီရန်တို့အကြား ၂၀၁၅ ခုနှစ်က ချုပ်ဆိုထားခဲ့ခြင်းဖြစ်သည်။
“ ဒီ ယိုယွင်းပျက်စီးနေတဲ့ သဘောတူညီချက်အောက်မှာ အီရန်တို့ရဲ့ နျူကလီးယား ဗုံးထုတ်လုပ်နေမှုတွေကို ကျွန်တော်တို့ မတားဆီးနိုင်ပါဘူး၊ ကျွန်တော်တို့ရဲ့ အမေရိကန်မြို့တွေကိုတော့ ဒီလိုမျိုး လက်နက်တွေနဲ့ လာပြီး ခြိမ်းခြောက်ခွင့် ကျွန်တော် မပြုနိုင်ပါဘူး” ဆိုပြီး ထရမ့်က ပြောသွားသည်။
ထရမ့်၏ အဆိုပါ ဆုံးဖြတ်ချက်ကြောင့် ဒေါသထွက်နေသည့် အီရန် သမ္မတ ဟာဆန် ရိုဟာနီကလည်း ထရမ့်အနေဖြင့် စိတ်ပိုင်းဆိုင်ရာ စစ်ပွဲတစ်ရပ် ဖန်တီးနေကြောင်း စွပ်စွဲသွားခဲ့သည်။
တစ်ချိန်တည်းမှာလည်းပဲ ယခုလိုထရမ့်ရဲ့ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ စိတ်မကောင်းဖြစ်မိပြီး လွန်စွာ စိုးရိမ်ပူပန်မိကြောင်း ဂျာမနီ ၀န်ကြီးချုပ် အိန်ဂျယ်လာ မာကယ်လ်၊ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေ၊ ပြင်သစ် သမ္မတ အီမန်နျူရယ် မက်ခရွန်တို့က ပူးတွဲကြေညာချက်ထုတ်ပြန်သွားသည်။
-Ref; AFP