ဗင်နီဇွဲလားအစိုးရက ထိပ်တန်းဘဏ်တခုကို ထိန်းချုပ်၊ ငွေစုထားသူများ စိုးရိမ်
ဗင်နီဇွဲလားအစိုးရက နိုင်ငံရဲ့ ထိပ်တန်းဘဏ်တခုကို ဝင်ရောက်ထိန်းချုပ်ခဲ့လို့ ဘဏ်မှာငွေစုထားတဲ့ နိုင်ငံသားတွေ အတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရပါတယ်။
နိုင်ငံရဲ့ ထိပ်တန်းဘဏ်ကြီးတခုဖြစ်တဲ့ ဘင်နက်စကို (Banesco) ကို အစိုးရက ဝင်ရောက်ထိန်းချုပ်ခဲ့ပြီးနောက် မေလ ၄ ရက်နေ့က ဘဏ်ရှေ့မှာ စုငွေပြန်ထုတ်ချင်တဲ့သူတွေ တန်းစီစောင့်ဆိုင်းနေခဲ့ကြပါတယ်။
နိုင်ငံရဲ့ ငွေကြေးတန်ဖိုး ထိုးကျနေတာကို ဟန့်တားဖို့အတွက် အခုလိုလုပ်တာလို့ သမ္မတ နီကိုလပ်စ် မာဒူရိုက မေလ ၃ ရက်နေ့မှာ ပြောပါတယ်။
ဘင်နက်စကိုဘဏ်မှာ ငွေစုထားတဲ့သူတွေကတော့ စုငွေတွေကို စိုးရိမ်တကြီး ပြန်ထုတ်နေကြပါတယ်။
ဗင်နီဇွဲလား ပြည်ပြေးတွေရဲ့ လွှဲငွေတွေကို အစိုးရက ထိန်းချုပ်ထားမှာ ပြည်သူတွေက စိုးရိမ်နေတာပါ။
“ထုတ်လို့ရသလောက် ထုတ်တာပေါ့။ အခုစက်ကနေ ဘိုလီဗား တသောင်းလေးထောင်ပဲ ထုတ်လို့ရပါတယ်။ ကျနော်တို့ပိုက်ဆံတွေ သူတို့ပြန်ပေးဖို့ ဘယ်လိုလုပ်ရမလဲ မသိဘူး”လို့ စုငွေပြန်ထုတ်သူတဦးက ပြောကြား ခဲ့တာပါ။
“ဒီလောက်က ဘတ်စ်ကားခလောက်ပဲရှိပါတယ်။ တိုးထုတ်ခွင့်ရတာကလည်း ဘက်စ်ကားပတ်စီးခလောက်ပါပဲ” လို့ နောက်ထပ် ဘဏ်မှာ ငွေလာထုတ်သူတယောက်က ပြောကြားခဲ့တာပါ။
ဗင်နီဇွဲလားနိုင်ငံမှာ အလွန်အမင်း ငွေကြေးဖောင်းပွမှုကြောင့် တချိန်က နိုင်ငံရဲ့ ဘဏ်ကြီးတွေဟာ ငွေစက္ကူတွေ သိုလှောင်ထားတဲ့ ဂိုဒေါင်တွေလို ဖြစ်နေပြီး စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ သန်း ၄၀ ဝန်းကျင်သာ ရှိတော့တယ်လို့ စည်းကြပ်ထားတဲ့ သတင်းအချက်အလက်တွေကို သုံးသပ် ခန့်မှန်းကြပါတယ်။