ဖိအားပေးမှုများသည် နျူကလီးယားလက်နက်ကင်းစင်ရေးအတွက် အကျိုးပြုမည်မဟုတ်ဟု မြောက်ကိုရီးယား ခေါင်းဆောင် ပြောကြား

ပြုံယမ်း မေ ၆

ကိုရီးယားကျွန်းဆွယ်ဒေသတွင်း နျူကလီးယားလက်နက်ကင်းစင် ပပျောက်စေရေးအတွက် အမေရိကန် နှင့် ဂျပန်နိုင်ငံတို့က မြောက်ကိုရီးယားနိုင်ငံအား ဖိအားများပေးမှုအပေါ် မြောက်ကိုရီးယားနိုင်ငံက ရှုတ်ချခဲ့သည်။ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေ ၆ ရက်တွင် နိုင်ငံပိုင် မီဒီယာမှတစ်ဆင့် အထက်ပါအရေးနှင့် ပတ်သက်ပြီး ရှုတ်ချကြောင်း ပြောကြားခဲ့သည်။

နျူကလီးယားလက်နက် ကင်းစင်ပပျောက်စေရန် ပြုံယမ်းအနေဖြင့် တိကျခိုင်မာသော လုပ်ဆောင်ချက်များ လုပ်ဆောင်သည့်တိုင် အမေရိကန်နိုင်ငံအနေဖြင့် ဖိအားပေးသည့်မူဝါဒကို ဆက်လက်ကျင့်သုံးသွားမည် ဖြစ်ကြောင်း အမေရိကန်အစိုးရအဖွဲ့က ပြောကြားခဲ့သည်။

အမေရိကန်အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များသည် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်သင့်မြတ်မှုအပေါ် ထိခိုက်နိုင်ပြီး ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်စေရန် ကြိုးပမ်းသွားရမည်ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ထို့ပြင် ဝါရှင်တန်အနေဖြင့် စစ်ရေးခြိမ်းခြောက်မှုများနှင့် ဖိအားပေးမူဝါဒများကို ဆက်လက် ကျင့်သုံးမည်ဆိုပါက နျူကလီးယားလက်နက်ကင်းစင်ပပျောက်ရေး သဘောတူညီမှုကို ရရှိနိုင်မည် မဟုတ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

လာမည့် အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးပွဲတွင် အမေရိကန်ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများကို ပြေလျော့ပေးနိုင်ရန် ပြုံယမ်းအနေဖြင့် မျှော်လင့်ထားနိုင်ဖွယ် ရှိကြောင်း နိုင်ငံရေးစောင့်ကြည့် လေ့လာသူများက ပြောကြားကြသည်။

-Ref; AFP