မန်ယူအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့တဲ့ ဒီဂီယာ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးဆုပေးပွဲမှာ ဂိုးသမား ဒီဂီယာဟာ ဆု (၂)ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

အင်္ဂါနေ့ညက ကျင်းပပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ ဒီဂီယာဟာ တစ်နှစ်တာအကောင်းဆုံး ဆု(ဆာမတ်ဘတ်စ်ဘီဆု) နဲ့ ကစားသမားအချင်းချင်း ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆု တို့ကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ်ပွဲပေါင်း (၃၅) ပွဲကို အချိန်ပြည့် ပါဝင်ကစားထားတဲ့ ဒီဂီယာဟာ (၁၇)ပွဲအထိ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒီဂီယာဟာ ဆာမတ်ဘတ်စ်ဘီဆုကို လေးကြိမ်မြောက် ရရှိခဲ့တာဖြစ်ပြီး အသင်းသမိုင်းတစ်လျှောက် အကြိမ်အများဆုံး ရရှိတဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

အင်္ဂါနေ့ညမှာတော့ မန်ယူကစားသမားတွေဟာ သူတို့ရဲ့ ဇနီး၊ ချစ်သူတို့နဲ့အတူ ပွဲတက်ခဲ့ကြပြီးတော့ ဒီဂီယာကတော့ သူ့ရဲ့ချစ်သူ ဂါစီယာနဲ့အတူ ပွဲကို တက်ရောက်ခဲ့ပါတယ်။ ဟွမ်မာတာ၊ အန်ဒါဟာရဲရား နဲ့ မားကို့စ်ရိုဟိုတို့ကိုလည်း စုံတွဲအလိုက် အခမ်းအနားကို လာရောက်ခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။ ဒါမီယန်၊ လင်ဒီလော့ဖ်၊ စမောလင်း၊ ဖီးဂျုံးစ် နဲ့ လုခ်ရှောတို့ဟာလည်း သူတို့ရဲ့ သက်ဆိုင်သူတွေ အသီးသီးနဲ့ လာရောက်ခဲ့ကြပြီး အခမ်းအနားဟာ စည်ကားသိုက်မြိုက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆန်းချက်ဇ်၊ မာရှယ်၊ ပေါ့ဂ်ဘာ နဲ့ လင်ဂတ်တို့ကိုတော့ တစ်ဦးတည်းအဖြစ်သာ မြင်တွေ့ခဲ့ရပါတယ်။

မန်ယူနောက်ခံလူဟောင်း ၀က်စ်ဘရောင်း နဲ့ ဂန္ထ၀င်ကစားသမားကြီး ဆာဘော်ဘီချာလ်တန်တို့ကတော့ ဧည့်သည်တော်များအဖြစ် တက်ရောက်ခဲ့ကြပြီး တိုက်စစ်မှူးဟောင်း ဇလာတန် အီဘရာဟီမိုဗစ်ခ်ျကတော့ LA ကတဆင့် ဗီဒီယိုမက်ဆေ့ခ်ျပေးပို့ခဲ့တယ်လို့ သိရပါတယ်။ ဇလာတန်ကတော့ အက်ဖ်အေဖလားဗိုလ်လုပွဲကို တက်ရောက်ခဲ့တဲ့ မန်ယူအသင်းကို ချီးကျူး ဂုဏ်ပြုခဲ့ပြီးတော့ သူရွေးချယ်ထားတဲ့ အကောင်းဆုံးကစားသမားက ဒီဂီယာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

မန်ယူကွင်းလယ်လူ နီမန်ဂျာမာတစ်ကတော့ တစ်နှစ်တာအကောင်းဆုံးသွင်းဂိုးဆုအဖြစ် ခရစ္စတယ်ပဲလေ့်စ် အသင်းဘက်ကို သွင်းယူခဲ့တဲ့ ဂိုးနဲ့ ရရှိခဲ့တယ်လို့ သိရပါတယ်။

ရာသီကုန်မှာအသင်းကနေ အနားယူတော့မယ့် ၀ါရင့်ကွင်းလယ်လူ မိုက်ကယ်ကာရစ်ကို နည်းပြမော်ရင်ဟိုက ဂုဏ်ပြုစကား ပြောကြားခဲ့ပါသေးတယ်။ ” မန်ယူအနေနဲ့ ကစားသမားကောင်း တစ်ဦးကို ဆုံးရှုံးခဲ့ပေမယ့် ထူးချွန်တဲ့ လူတစ်ယောက်ကို အသင်းမှာ ဆက်ပြီး ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပြီး နည်းပြအဖွဲ့ဝင်အဖြစ် ပြောင်းလဲ တာဝန်ထမ်းဆောင်မယ့် ကာရစ်ကို ချီးကျူးခဲ့ပါတယ်။

ဒါပေမယ့်လည်း မော်ရင်ဟို ဟာ သူ့ရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုအတွက် မဲပေးမှုမှာ လူငယ်ကွင်းလယ်လူ မက်တော်မီနေးကို ရွေးချယ်ခဲ့တယ်လို့ ၀န်ခံပြောကြားခဲ့ပါတယ်။

” ဒီအသင်းကို ရောက်ရှိလာတဲ့ လူငယ်တိုင်းရဲ့ အိပ်မက်က အသင်းကြီးမှာ ပါဝင်ကစားခွင့် ရရှိဖို့ပါ၊ ဒီအိပ်မက် ဖြစ်လာခဲ့ပြီးရင်တော့ နောက်ထပ်အိပ်မက်က ပွဲကြီးတွေမှာ ၀င်ရောက်ကစားခွင့်ရဖို့၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ကစားနိုင်ဖို့ နဲ့ လက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ ဖြစ်ပါတယ်၊ တော်မီနေးဟာ (၅၀လ၊ (၆)လခန့် အကောင်းဆုံး ပုံစံပြသနိုင်ခဲ့လို့ ကျွန်တော့်အတွက်တော့ သူက တစ်နှစ်တာအကောင်းဆုံး ကစားသမားပါပဲ” လို့ သူ ရွေးချယ်ခဲ့မှုအပေါ်မှာ ရှင်းလင်း ပြောကြားခဲ့ပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ဆုရရှိသူများ

ဒီဂီယာ -တစ်နှစ်တာအကောင်းဆုံးကစားသမားဆု (ဆာမတ်ဘတ်စ်ဘီ)၊ ကစားသမားအချင်းချင်း  ရွေးချယ်သည့်          အကောင်းဆုံး ကစားသမားဆု

မက်တော်မီနေး – မန်နေဂျာတစ်နှစ်တာအကောင်းဆုံးကစားသမားဆု

ဒီမီထရီမီချယ် – အရံအသင်းအကောင်းဆုံး ကစားသမားဆု

မာတစ် – တစ်နှစ်တာအကောင်းဆုံး သွင်းဂိုးဆု

ဂျင်မီမာဖီ – တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားဆု

မိုက်ကယ်ကာရစ် – သီးသန့်ဂုဏ်ပြုဆု

Source : DailyMail / Duwun