ကူဝိတ်သို့ ဖိလစ်ပိုင်အလုပ်သမားစေလွှတ်မှုအား အပြီးတိုင်ပိတ်ပင်လိုက်ပြီဟု ဒူတာတေးကြေညာ

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးက ကူဝိတ်နိုင်ငံသို့ ဖိလစ်ပိုင်အလုပ်သမားများစေလွှတ်မှုအား အပြီးတိုင် ပိတ်ပင်လိုက်ပြီဟု ကြေညာခဲ့ပြီး ယင်းနိုင်ငံအတွင်း၌ အလုပ်လုပ်နေကြသူများကို မိခင်နိုင်ငံသို့ပြန်လာဖို့ တိုက်တွန်းခဲ့ကြောင်း နိုင်ငံတော်သတင်းမီဒီယာက တနင်္ဂနွေနေ့တွင် တင်ပြခဲ့သည်။

ဒူတာတေးသည် ယင်းကြေညာချက်ကို ၃၂ကြိမ်မြောက် အာဆီယံထိပ်သီးစည်းဝေးပွဲကို တက်ရောက်ရန်အတွက် စင်္ကာပူသို့ရောက်ရှိနေချိန် စင်္ကာပူနိုင်ငံ၌နေထိုင်ကြသော ဖိလစ်ပိုင်လူမျိုးများနှင့် တွေ့ဆုံခဲ့ပြီး မိန့်ခွန်းပြောကြား စဉ်တွင် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ကူဝိတ်နိုင်ငံမှာ နေထိုင်ကြတဲ့ ဖိလစ်ပိုင်လူမျိုးတွေကို မျိုးချစ်စိတ်ရှိကြဖို့ ကျုပ်က မေတ္တာရပ်ခံပါတယ်။ အိမ်ပြန် လာကြပါ” ဟု ဒူတာတေးကပြောဆိုခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံပိုင်သတင်းအေဂျင်စီ PNA က တင်ပြခဲ့သည်။

ပြီးခဲ့သောဖေဖေါ်ဝါရီလက ကူဝိတ်၌အလုပ်လုပ်နေသော အသက် ၂၉နှစ်အရွယ် ယိုဟာနာဒီမာဖီလစ်အမည်ရှိ ဖိလစ်ပိုင်အိမ်အကူအလုပ်သမားတစ်ဦး၏အလောင်းအား အလုပ်ရှင်များ၏ ရေခဲသေတ္တာအတွင်း၌ တွေ့ရှိခဲ့မှု နှင့် ပက်သက်၍ ဒူတာတေးက ကူဝိတ်သို့ အလုပ်သမားစေလွှတ်မှုကို ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့ဖူးသည်။ ယင်းဖြစ်စဉ်နှင့်ပက်သက်၍ အလုပ်ရှင်များကို လူသတ်မှုဖြင့် သေဒဏ်ချမှတ်ခဲ့ကြသည်။

ယင်းဖြစ်စဉ်ကြောင့် ဖိလစ်ပိုင်နိုင်ငံအတွင်း၌ ယမ်းပုံမီးကျဖြစ်ခဲ့ရပြီး အိမ်အကူအလုပ်သမားထောင်နှင့်ချီ၍ ကူဝိတ်နိုင်ငံအတွင်းမှ ထွက်ခွာလာသောကြောင့် သံတမန်ပြသနာများနှင့်ပါ ရင်ဆိုင်ခဲ့ရသည်။

ဒါ့အပြင် ကူဝိတ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခြင်းမရှိပဲ အိမ်အကူအလုပ်သမားများကို နိုင်ငံအတွင်းမှထွက်ခွာ သွားနိုင်အောင် အကူအညီပေးခဲ့သော ကူဝိတ်နိုင်ငံဆိုင်ရာ ဖိလစ်ပိုင်သံအမတ်ကြီး ရီနာတိုဗီလာကိုလည်း နိုင်ငံ အတွင်းမှ ၇ ရက်အတွင်းထွက်ခွာပေးရန် ကူဝိတ်အစိုးရက ဗုဒ္ဓဟူးနေ့က ရာဇသံပေးခဲ့သည့်အတွက် နှစ်နိုင်ငံ ကြား တင်းမာမှုများရှိလာခဲ့သည်။

ဖိလစ်ပိုင်နှင့် ကူဝိတ်တို့သည် လာမည့်ဇွန်လတွင် ပင်လယ်ရပ်ခြား၌ သွားရောက်အလုပ်လုပ်ကိုင်ကြသည့် ဖိလစ်ပိုင်အလုပ်သမားများကို အကာအကွယ်ပေးဖို့ နှစ်နိုင်ငံနားလည်မှု သဘောတူ စာချွန်လွှာ၌ လက်မှတ်ရေး ထိုးဖို့ရှိသော်လည်း ယခုအခါတွင် ပျက်ပြားရတော့မည့်အခြေအနေသို့ ရောက်ရှိနေသည်။

“ကျုပ်တို့ရဲ့ မိတ်ဆွေကောင်းကြီးနဲ့ အခင်အမင်မပျက်ချင်ပါဘူး။ သူတို့ဟာ ကျနော်တို့ကို နှစ်ပေါင်းများစွာ အကူအညီပေးခဲ့ကြတာပါ” ဟု ဒူတာတေးက ပြောဆိုထားသည်။

-Ref; AFP