ဆာလက်အတွက် ပေါင်သန်း ၂၀၀ ပေးလျှင်လည်း လီဗာပူး ရောင်းချဖွယ်မရှိ
ပေါင်သန်း ၂၀၀ ပေးရင်တောင် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး မိုဟာမက်ဆာလက်ကို ခေါ်ယူနိုင်ဖို့ မသေချာဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ စိတ်ဝင်စားမှုကို လီဗာပူးအသင်းက တုံ့ပြန်လိုက်ပါတယ်။
လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၄၃ ဂိုးထိ သွင်းယူထားတဲ့ ဆာလက်ကို အန်ဖီးလ်ရဲ့ အမှတ်သင်္ကေတ တခုအဖြစ် သတ်မှတ်နေကြပြီး ကမ္ဘာ့ဘောလုံးလောကမှာ အတောက်ပဆုံး ကြယ်ပွင့်အဖြစ် ချီးကျူးနေကြပါတယ်။
ပီအက်ဖ်အေ အကောင်းဆုံးကစားသမားဆု ရရှိထားခဲ့တဲ့ ဆာလက်ကို အစောပိုင်းက တန်ကြေး ပေါင်သန်း ၁၀၀ ရှိတယ်လို့ သတ်မှတ်ခဲ့ကြပေမယ့် လက်ရှိအချိန်မှာတော့ ပေါင်သန်း ၂၀၀ နီးပါး တန်ကြေးရှိနေပြီလို့လည်း သုံးသပ်နေကြပါတယ်။
မိုဟာမက်ဆာလက်ဟာ လီဗာပူးအသင်းမှာ တပတ်လုပ်ခ ပေါင် ၉၀၀၀၀ သာ ရရှိနေပေမယ့် အသင်းနဲ့ သူ့ရဲ့အေးဂျင့်လည်း အကောင်းဆုံးဆက်ဆံရေး ရှိနေတဲ့အတွက် အသင်းမှာ ဆက်လက်ရှိနေနိုင်ပါတယ်။
ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ အသင်းနဲ့အတူ စာချုပ်သက်တမ်း ၄ နှစ်ကျန်ရှိနေသေးတဲ့ မိုဟာမက်ဆာလက်ကို ခေါ်ယူမယ်ဆိုရင်တော့ ပြောင်းရွှေ့ကြေး အမြောက်အမြား အသုံးပြုရဖွယ် ရှိနေပါတယ်။
-Ref; Sk sports