ကိုယ်ရေးအချက်အလက် လုံခြုံမှုချိုးဖောက်ခံရပါက Facebook ကို ပိတ်သိမ်းသွားမည်ဟု အင်ဒိုနီးရှား သတိပေး
နိုင်ငံသားတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို စုဆောင်းသိမ်းဆည်းထားတဲ့ သက်သေတွေ့ရှိပါက Facebook ကို နိုင်ငံအတွင်း ပိတ်သိမ်းသွားမှာဖြစ်တယ်လို့ အင်ဒိုနီးရှားနိုင်ငံ ဆက်သွယ်ရေးနဲ့ အချက်အလက်ဝန်ကြီး Rudiantara က ပြောကြားလိုက်ပါတယ်။
Bloomberg နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ မစ္စတာ Rudiantara က “ပိတ်သိမ်းရမယ့်အကြောင်း ရှိလာခဲ့မယ်ဆိုရင် ပိတ်သိမ်းသွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် Telegram messaging app ကိုလည်း အင်ဒိုနီးရှားမှာ တားမြစ်ပိတ်ပင်ထားကြောင်း ဝန်ကြီးက ဝန်ခံခဲ့ပါတယ်။
“ကျွန်တော်လုပ်ခဲ့တာပါ။ အဲ့ဒီလိုထပ်လုပ်ဖို့အတွက်လည်း ဝန်လေးနေမှာမဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
အရင်ကလည်း အင်ဒိုနီးရှားအစိုးရဟာ အကြောင်းအရာ အချက်အလက်တွေကို စောင့်ကြည့်ဖို့အတွက် Twitter နဲ့ Google အပါအဝင် နည်းပညာကုမ္ပဏီကြီးတွေအနေနဲ့ လက်တွဲဆောင်ရွက်ဖို့ သဘောတူညီမှု ရရှိထားပါတယ်။
Facebook ဟာ အချက်အလက် လေ့လာဆန်းစစ်ရေးအဖွဲ့ Cambridge Analytica ကရယူထားတဲ့ သုံးစွဲသူ သန်း ၅၀ ရဲ့ အချက်အလက်သုံးစွဲမှု အရှုပ်တော်ပုံကြောင့် ကမ္ဘာတစ်ဝန်းမှာ ဖိအားတွေနဲ့ရင်ဆိုင်နေရပါတယ်။
အဲ့ဒီအဖွဲ့ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ရွေးကောက်ပွဲလှုပ်ရှားမှု အစီအစဉ်တွေကို အကြံပေးတဲ့ အဖွဲ့ဖြစ်ပါတယ်။
ဝန်ကြီး Rudiantara အနေနဲ့ Cambridge Analytica က ရယူစုဆောင်းထားတဲ့ အချက်အလက်တွေထဲမှာ အင်ဒိုနီးရှားနိုင်ငံက သုံးစွဲသူတွေရဲ့အချက်အလက်တွေ ပါဝင်ခြင်း ရှိ၊ မရှိအတွက် Facebook တာဝန်ရှိသူတွေထံ မေးမြန်းထားတယ်လို့ Bloomberg က ဖော်ပြခဲ့ပါတယ်။
အဆိုပါမေးမြန်းမှုကို ဒီတစ်ပတ်ထဲမှာ အကြောင်းပြန်သွားမယ်ဆိုပြီး Facebook က ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
Facebook အနေနဲ့ အင်ဒိုနီးရှားရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာဖို့ပျက်ကွက်ခဲ့တယ်ဆိုရင် ကြီးလေးတဲ့ ပြစ်ဒဏ်ချမှတ်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း ဝန်ကြီးက ပြောကြားခဲ့ပါတယ်။
Source: Internetjournal