တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်သည့် ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲ ဘားအံမြို့တွင် ကျင်းပ

တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်သည့် ချစ်ကြည်ရေးဖိတ်ခေါ်ဖလား အမျိုးသား အလွတ်တန်း ဘောလုံးပြိုင်ပွဲကို ဘားအံမြို့တွင် ကျင်းပနေသည်။

‘‘ဒီပြိုင်ပွဲမှာ တပ်မတော်သားတွေပါတဲ့ ဇွဲကပင်မြေအသင်းပါသလို၊ KNU ဘက်ကဖွဲ့ထားတဲ့ ဆုံစည်းမြိုင်အသင်း စတဲ့ လက်နက်ကိုင်အဖွဲ့အစည်းအသင်းတွေ ပါပါတယ်။ ဒီလိုမျိုးချစ်ကြည်ရေး ဘောလုံးပွဲလေး လုပ်တဲ့အတွက် နှစ်ဖက်ကစားသမားတွေ၊ လာအားပေးတဲ့ ပရိသတ်တွေအနေနဲ့ ရင်းရင်းနှီးနှီး ငြိမ်းငြိမ်းချမ်းချမ်း အားပေးတာ တွေ့ရတော့ ၀မ်းသာမိတယ်။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဘက်က တစ်ဖက်တစ်လမ်း ကူညီဆောင်ရွက်ပေးတာမျိုးပါ’’ ဟု JMC-S (ကရင်) အရပ်သား ကိုယ်စားလှယ် ဦးစောဘိုးနီက ပြောသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၏ လုပ်ငန်းများ ပြည်သူ လူထုပိုမိုသိရှိလာစေရန်နှင့် ပူးပေါင်းပါဝင်လာနိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ကြောင်း JMC-S (ကရင်)ဥက္ကဋ္ဌအရှေ့တောင် တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်းက မတ်လ ၂၈ ရက်၌ ပြုလုပ်သည့် ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင်   ပြောသည်။

အဆိုပါ ချစ်ကြည်ရေးဖိတ် ခေါ်ဖလားဘောလုံးပြိုင်ပွဲတွင် ဇွဲကပင်မြေ၊  မာန်မြင့်ဟိန်း FC၊ ဆုံစည်းမြိုင်စတား၊ လှိုင်းဘွဲမြို့နယ်၊ မြ၀တီမြို့နယ်၊ သံလွင်၊ ချစ်သူမြိုင် FC၊ ကော့ကရိတ်မြို့နယ်၊ ဖာပွန်မြို့နယ်၊ ရွှေဖားစည် FC၊ ဘောနော်ထူး FC နှင့် ဘားအံတက္ကသိုလ်အသင်း ၁၂ သင်းပါဝင် ယှဉ်ပြိုင်ပြီး မတ်လ ၂၈ ရက်မှ  ဧပြီ ၁၁ ရက် အထိ ကရင်ပြည်နယ် ဘားအံမြို့  အောင်သံလွင်အားကစားကွင်းတွင် ကျင်းပနေသည်။

JMC တွင်ပါဝင်သည့် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြား အပြန်အလှန် ချိတ်ဆက် ဆောင်ရွက်မှု အားကောင်းလာစေရန်နှင့် အားကစားပွဲများ၏ အနှစ်သာရဖြစ်သော ကျန်းမာ ကြံ့ခိုင်မှု၊ သန့်ရှင်း၍ တရားမျှတသော ယှဉ်ပြိုင်မှုစသည့် အကျိုးရလဒ်များ ရရှိစေရန် ရည်ရွယ်ကြောင်း ဗိုလ်ချုပ်မျိုးဝင်းက ပြောသည်။ 

အဆိုပါ ချစ်ကြည်ရေးဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတစ်လျှောက် JMC ပြခန်းဖွင့်လှစ်ပြသမည်ဖြစ်ပြီး ပြခန်းသို့ လာရောက်လေ့လာသူများကို JMC ဆိုင်ရာ စာအုပ်စာတမ်းများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်မည် ဖြစ်ကြောင်း JMC-S  (ကရင်)က ထုတ်ပြန်ထားသည်။

ဘောလုံးပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ၂၁ ရာစုပင်လုံ အထိမ်းအမှတ်အဖြစ် ငြိမ်းချမ်းရေးချိုး ငှက် ၂၁ ကောင် လွှတ်ခဲ့ပြီး တေးသံရှင်များက ငြိမ်းချမ်းရေး တေးသီချင်းများဖြင့်    သီဆိုဖျော်ဖြေခဲ့သည်။ 

7Days