နိုင်ငံ ၂၀ ကျော် အစိုးရများက ရုရှား သံအရာရှိများကို အသီးသီး ပြည်နှင်ဒဏ်ပေး

ဗြိတိန်တွင် ရုရှားသူလျှိုဟောင်းတစ်ဦးကို လုပ်ကြံသည့် အားထုတ်မှု ပေါ်ပေါက်ခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံ ၂၀ ကျော်က ရုရှား သံအရာရှိများကို ပြည်နှင်ဒဏ် ပေးခြင်းဖြင့် တုံ့ပြန် ဒဏ်ခတ်ခဲ့ကြောင်း သိရသည်။

ဗြိတိန်က ယခုလ အစောပိုင်းတွင် ဆာလစ်ဗျူရီ၌ နေထိုင်သော ရုရှား နှစ်ဖက်လွှ သူလျှိုဟောင်း ဆာဂျီ စခရစ်ပယ်လ်ကို ရုရှားအေးဂျင့်များက အဆိပ်ခတ် လုပ်ကြံခဲ့ကြောင်း စွပ်စွဲခဲ့သည်။ စခရစ်ပယ်လ်နှင့် ၎င်း၏ သမီးမှာ အသက်မဆုံးရှုံးသော်လည်း အရေးပေါ် စောင့်ရှောက် ကုသမှုများ ခံယူနေရသည်။

ယင်းလုပ်ရပ်သည် ၎င်းတို့၏ လက်ချက်မဟုတ်ဟု ရုရှားက ငြင်းဆိုထားသည့်တိုင် ဗြိတိန် အစိုးရက ရုရှား သံအရာရှိ ၂၃ ဦးကို နိုင်ငံအတွင်းမှာ ထွက်ခွာစေရန် ပြည်နှင်ဒဏ် ပေးခဲ့သည်။ မတ် ၂၆ ရက်တွင်မူ ဗြိတိန်၏ လမ်းစဉ်ကို လိုက်ကာ အမေရိကန် အပါအဝင် နိုင်ငံ ၂၂ ခုက ရုရှား သံအရာရှိ စုစုပေါင်း ၁၁၄ ဦးကို ပြည်နှင်ခဲ့ကြသည်။

အမေရိကန်က မဟာမိတ် ဗြိတိန် အစိုးရကို အခိုင်အမာ ထောက်ခံ ရပ်တည်ကြောင်း ပြသသည့် အနေဖြင့် ရုရှား သံအရာရှိ ၆၀ ကို နိုင်ငံထဲမှ ထွက်ခွာသွားရန် ညွှန်ကြားခဲ့သည်။ ယူကရိန်း၊ ကနေဒါ၊ ဂျာမနီ အစရှိသည့် အမေရိကန် မဟာမိတ်နိုင်ငံများ အပါအဝင် အခြားသော နိုင်ငံ ၂၁ ခုကလည်း အမေရိကန် သံအရာရှိများကို အရေအတွက် ပမာဏ တစ်ခုထိ သတ်မှတ်ကာ နယ်နှင်ဒဏ်ခတ်ခဲ့ကြသည်။

ဥရောပ အသိုက်အဝန်း အကြီးအကဲ ဒေါ်နယ်လ်တက်စ်ခ်က ရုရှားအပေါ် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ၏ ပြစ်ဒဏ်ခတ်မှုသည် နောက်ထပ် ပိုမိုပြင်းထန်သည့် အတိုင်းအတာဖြင့် သက်ရောက်လာနိုင်သေးကြောင်း သတိပေးထားသည်။

ဗြိတိန် ထောက်လှမ်းရေး၏ အဆိုအရ ဆာလစ်ဗျူရီတွင် ခရစ်ပယ်လ်ကို လုပ်ကြံရန် အားထုတ်မှုတွင် အသုံးပြုသော အဆိပ်မှာ ရုရှားရှိ စစ်အုပ်စု တစ်ခုက ထုတ်လုပ်သော လက်ရာဖြစ်ကြောင်းလည်း သိရှိရသည်။

Ref: ABC News