နိုင်ငံတကာပြိုင်ပွဲများအတွက် ကိုရီးယားနိုင်ငံသား နည်းပြတစ်ဦးကို သုံးနှစ်စာချုပ်ဖြင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ငှားရမ်းခေါ်ယူ

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်မြားပစ်အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲများအတွက် တောင်ကိုရီးယားနိုင်ငံသား နည်းပြတစ်ဦးကို ပြီးခဲ့သည့် ရက်ပိုင်းက သုံးနှစ်စာချုပ် ချုပ်ဆို၍ ငှားရမ်းခေါ်ယူခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် တာဝန်ရှိသူများသည် ပြီးခဲ့သည့် မတ်(၇)ရက်က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့သို့ သွားရောက်၍ ဂါဝန်ဒိုမြားပစ်အသင်းမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ နည်းစနစ်ပိုင်းများ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့နောက်ဂါဝန်ဒိုမြားပစ်အသင်းမှ တာဝန်ရှိသူများ၏ အကူအညီဖြင့် တောင်ကိုရီးယားနိုင်ငံသား နည်းပြများ ခေါ်ယူခန့်အပ်နိုင်ရန် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သည် တောင်ကိုရီးယားနိုင်ငံသားနည်းပြ ယွန်းဗျောင်ဆန်ကို ပထမဆုံးစာချုပ်ချုပ်ဆိုခေါ်ယူခဲ့ပြီး နောက်ထပ်နည်းပြ တစ်ဦးကိုလည်း ထပ်မံခေါ်ယူသွားရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်သည် ယခုနှစ်အတွင်း အာရှအားကစားပြိုင်ပွဲနှင့် အာဆီယံတက္ကသိုလ်များ အားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ၂၀၁၉ဖိလစ်ပိုင် ဆီးဂိမ်း(စ်)ပြိုင်ပွဲအတွက်လည်း ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် တောင်ကိုရီးယားနိုင်ငံသား နည်းပြယွန်းဗျောင်ဆန်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၌ ဖွင့်လှစ်နေသည့် အခြေခံမြားပစ်သင်တန်းများမှ မျိုးဆက်သစ်လူငယ်ကစား သမားများကို ရွေးချယ်နိုင်ရန် လိုက်လံကြည့်ရှုနေကြောင်း သိရသည်။

“အဓိကကတော့ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ့လက်ရွေးစင်မြားပစ်အသင်းတွေအတွက် တောင်ကိုရီးယားနည်းပြတွေကို ခေါ်ယူတာပါ။ နောက်တစ်ချက်က မျိုးဆက်သစ်တွေ ထွက်ပေါ်မှု အားနည်း နေတာကို ကုစားချင်လို့ပါ”ဟု မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဥက္ကဌ ဦးဇေသီဟက ပြောကြားသည်။

Credit ; Daily Eleven