အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ကို ရာထူးမှဖယ်ရှား

မြောက်ကိုးရီးယား၊ ရုရှားနဲ့ အီရန်အရေးကိစ္စတွေအပေါ်မှာ သဘောထားကွဲတဲ့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီး ရက်စ်တေလာဆန်ကို မတ်လ ၁၃ ရက်နေ့က ရာထူးကနေ ချက်ချင်းဖယ်ရှားလိုက်ပါတယ်။

ဒီ့နောက် သမ္မတနဲ့ ပိုပြီးနီးနီးကပ်ကပ်ရှိတဲ့ CIA ညွှန်ကြားရေးမှူး မိုက်ပွန်ပီယိုကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်လိုက်ပါတယ်။

ဒီလို ရာထူးကနေ ဖယ်ရှားလိုက်တာကို သမ္မတ ထရမ့်က သူ့ရဲ့ တွစ်တာစာမျက်နှာမှာ တကမ္ဘာလုံးသိအောင် ရေးသားခဲ့ပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ ဒါဟာ ထရမ့်ရဲ့ သမ္မတသက်တမ်း တနှစ်ကျော်အတွင်း အစိုးရအဖွဲ့တခုလုံးကို တုန်ခါစေတဲ့လုပ်ရပ်လို့ ရှုမြင်ပါတယ်။

အသက် ၆၅ နှစ်အရွယ်ရှိ Exxon Mobil ကုမ္ပဏီပိုင်ရှင် ရက်စ် တေလာဆန်ဟာ ဒီ့မတိုင်ခင်က နိုင်ငံရေးနဲ့ သံတမန်ရေးရာတွေမှာ အတွေ့အကြုံရှိသူ မဟုတ်ပါဘူး။ ဒါပေမယ့် သမ္မတထရမ့်ရဲ့ ရွေးချယ်မှုအရပဲ အမေရိကန်ပြည်ထောင်စုရဲ့ အရေးပါလှတဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို ရရှိခဲ့တာပါ။

အခု သမ္မတထရမ့်နဲ့ သဘောထားကွဲတဲ့အတွက် တေလာဆန်ဟာ မတ်လ ၃၁ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကနေ တရားဝင် အနားယူတော့မှာဖြစ်ကြောင်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

(ရိုက်တာ)