ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ ဥက္ကဋ္ဌ အတွင်းရေးမှူး ကော်မတီဝင်များနှင့်တွေ့ဆုံ

ပုသိမ် မတ် ၁၂

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းဒေသကြီး ပါတီရုံးအစည်းအဝေးခန်းမတွင် ယမန်နေ့နံနက် ၈ နာရီက ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူးဦးသန်းထွန်း၊ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဉာဏ်လင်း၊ တိုင်းဒေသကြီး ကော်မတီဝင်များသည် ပုသိမ်ခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်ခုနစ်မြို့နယ်များမှ ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ခရိုင်၊ မြို့နယ်များမှ ပါတီစည်းရုံးရေးနှင့် ပါတီဝင်အင်အား စိစစ်ဆောင်ရွက်ထားရှိမှုများ၊ ပါတီတွင်း စည်းလုံးညီညွတ်ရေးအတွက် ဆောင်ရွက်ထားရှိမှုများ၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်အကောင်အထည် ဖော် ဆောင်ရွက်ထားရှိမှုများကို ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများက အသီးသီးတင်ပြခဲ့ကြသည်။

ထိုသို့ ဆွေးနွေးတင်ပြချက်များအပေါ် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး ပါတီဗဟိုမှ ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းခြင်း၊ ပါတီ၏ အနာဂတ်ဆောင်ရွက်ရမည့်အခြေအနေများကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

Uniondaily