အသံထက် ၁၀ ဆမြန်သော Kinzhal ဒုံးကျည်ကို ရုရှားနိုင်ငံ အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်

ရုရှား၏ MIG-31 တိုက်လေယာဉ်တစ်စီးမှ အသံထက်အဆများစွာမြန်သော Kinzhal ဒုံးကျည်အား ပစ်လွှတ်မှုကို မြင်တွေ့ရစဉ် (RU-RTR Russian Television/AP)

 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုလအစောပိုင်း ကြေညာခဲ့သည့် နျူထိပ်ဖူးသယ်ဆောင်နိုင်စွမ်းရှိသော လက်နက်များတွင် တစ်ခုအပါအဝင်ဖြစ်သည့် အသံထက် အဆများစွာ မြန်သော Kinzhal ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်ခဲ့ကြောင်း ရုရှားက ပြောကြားသည်။

ဒုံးကျည်ကို တိုက်ခိုက်ရေး ဂျက်လေယာဉ်တစ်စီးက ဖြုတ်ချခဲ့ပြီး မီးခိုးငွေ့တန်းချန်ရစ်ခဲ့ပုံကို ပြသသည့် ဗီဒီယိုဖိုင်ကို ရုရှားကာ ကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး ယင်းဒုံးကျည်သည် ချိန်ရွယ်ထားသော ပစ်မှတ်ကို ထိမှန်ခဲ့ကြောင်း ဆိုသည်။

ဓားမြှောင်ပုံစံတစ်ခုကို အစွဲပြုကာ အမည်မှည့်ခေါ်ထားသော Kinzhal ဒုံးကျည်ကို စံပြလက်နက်တစ်ခုအဖြစ် ပူတင်က မတ် လ ၁ ရက်တွင် ဖော်ပြပြောဆိုခဲ့ပြီး ယင်းမှာ ပြိုင်ဘက်မရှိသော လက်နက်သစ်များ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း ပြောကြားသည်။

Kinzhal ဒုံးကျည်သည် အသံသွားနှုန်းထက် ၁၀ ဆပိုမြန်ပြီး မိုင်ပေါင်း ၁,၂၀၀ အကွာအဝေး ရောက်ရှိနိုင်သည်ဟု ဆိုသည်။

ယင်းဒုံးကျည်ကို မတ်လ ၁၀ ရက်က နိုင်ငံအနောက်တောင်ပိုင်းရှိ လေယာဉ်ကွင်းတစ်ခုမှ ပျံတက်လာသော MiG-31 ဂျက် လေယာဉ်မှ ပစ်လွှတ်ခြင်းဖြစ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

‘‘ပစ်လွှတ်မှုက စီစဉ်ထားတဲ့ အတိုင်းဖြစ်ခဲ့ပြီး Kinzhal ဒုံးကျည် ဟာ သူ့ရဲ့ပစ်မှတ်ကို ထိခဲ့ပါတယ်’’ဟု ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားသည်။ 

—Ref: BBC