သမ္မတရာထူး သက်တမ်း ကန့်သတ်ချက်ကို တရုတ်ပယ်ဖျက်

အမျိုးသား ပြည်သူ့ညီလာခံတွင် မဲပေး ဆုံးဖြတ်ချက်အရ သမ္မတသက်တမ်း ကန့်သတ်ချက်ကို ပယ်ဖျက်လိုက်ပြီ ဖြစ်သောကြောင့် တရုတ်သမ္မတ စီကျင်းပင် အနေဖြင့် လက်ရှိ ရာထူးကို နှစ်ပေါင်းများစွာ ဆက်လက် ချုပ်ကိုင်နိုင်ခွင့် ရရှိသွားပြီ ဖြစ်သည်။

အာဏာရ ကွန်မြူနစ် ပါတီက လက်ရှိ ဖွဲ့စည်းပုံ ဥပဒေပါ သတ်မှတ်ချက် တစ်ခုဖြစ်သည့် သမ္မတနှင့် ဒုတိယ သမ္မတများသည် ငါးနှစ်သက်တမ်း နှစ်ကြိမ်ဆက်ထက်ပို၍ တာဝန်ယူခွင့် မရှိသင့်ဆိုသော အချက်ကို ပယ်ဖျက်ရန် ညီလာခံသို့ အဆိုတင်သွင်းခဲ့သည်။ ကွန်မြူနစ် ပါတီသည် သမ္မတ စီ၏ ဩဇာလွှမ်းမိုးမှု ကြီးမားစွာ သက်ရောက်နေသည့် အသိုက်အဝန်း ဖြစ်သည်။

မတ်လ ၁၁ ရက် ညီလာခံ၌ သမ္မတ စီကိုယ်တိုင် တက်ရောက်ခဲ့သလို ဖွဲ့စည်းပုံ ဥပဒေ ပြင်ဆင်ရေးအတွက် ပါဝင် မဲပေးသွားခဲ့သည်။ မဲရလဒ်များအရ ဖွဲ့စည်းပုံ ဥပဒေပါ အချက်ကို ပယ်ဖျက်ပြင်ဆင်ရန် အဆိုအပေါ် ထောက်ခံမဲ ၂၉၆၄ မဲ၊ ကန့်ကွက်မဲ ၂ မဲနှင့် ကြားနေမဲ ၃ မဲရှိပြီး ရလဒ် ပြတ်သားစွာ အတည်ပြုနိုင်ခဲ့သည်။

အဆိုပါ မဲပေးမှုသည် မှတ်တမ်းသက်သက် လုပ်ဆောင်မှု တစ်ခုအဖြစ်သာ ရှုမြင် ဝေဖန်ခံရသည်။ အမျိုးသား ပြည်သူ့ညီလာခံသည် အာဏာရ ပါတီ၏ လိုအင်မှန်သမျှကို တရားဝင် ဖြစ်မြောက်အောင် ဖြည့်ဆည်းရသည့် အဖွဲ့အစည်း တစ်ခုအဖြစ်သာ ကာလရှည်ကြာ သတ်မှတ်ခံထားရပြီး ဖြစ်ရာ သမ္မတသက်တမ်း ကန့်သတ်ချက် ပယ်ဖျက်ရေး ကိစ္စသည် မဲမခွဲမီ ကတည်းက အတည်ပြုထားသည့် သဘော သက်ရောက်နေသည်။

တရုတ်တွင် ၁၉၉၀ ပြည့်လွန်နှစ်များ ကတည်းက သမ္မတ သက်တမ်းကို ကန့်သတ်လာခဲ့သော်လည်း စီလက်ထက်တွင် ယင်းအခြေအနေကို ပြန်လည် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။ ပုံမှန်အားဖြင့် စီသည် ၂၀၂၃ တွင် ရာထူးသက်တမ်း ကုန်ဆုံးမည် ဖြစ်သော်လည်း ယခုပြင်ဆင်မှုအရ ၎င်း၏ ရာထူးသက်တမ်းကို အကန့်အသတ်မရှိ ဆွဲဆန့်ထားနိုင်မည့်သဘော သက်ရောက်လာသည်။

မော်စီတုံးခေတ် နောက်ပိုင်းတွင် တရုတ်၏ ဩဇာအကြီးဆုံး နိုင်ငံခေါင်းဆောင်အဖြစ် လူသိများခဲ့သော စီသည် နိုင်ငံကို သက်တမ်းရှိသမျှ ရာသက်ပန် အုပ်ချုပ်သွားရန် ရည်ရွယ်ထားကြောင်း စွပ်စွဲ ဝေဖန်မှုများနှင့်လည်း ရင်ဆိုင်နေရသည်။ 

စီသည် ပြီးခဲ့သည့် ပါတီ ပြည်လုံးကျွတ် အစည်းအဝေးတွင် ၎င်းနေရာ ဆက်ခံမည့်သူ တစ်ဦးကို မရွေးချယ်ခဲ့ချိန် ကတည်းက သမ္မတ သက်တမ်း ကန့်သတ်ချက်ကို ပြင်ဆင်လာနိုင်ကြောင်း ခန့်မှန်းမှုများ ရှိခဲ့သည်။ ယခုအခါ ဖွဲ့စည်းပုံ ဥပဒေ အပြောင်းအလဲနှင့်အတူ စီအနေဖြင့် ပါတီ၏ အပြည့်အဝ ထောက်ခံမှုကို ရရှိနေသ၍ သမ္မတ ရာထူးကို ဆက်လက် ထမ်းဆောင်နေနိုင်တော့မည့် သဘောလည်း ဖြစ်သည်။   Ref: Reuters