ဘန်ကောက်တွင် ပထမဆုံး မြန်မာ့ရိုးရာ လက်ဝှေ့ပွဲ ကျင်းပမည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မြန်မာ့ရိုးရာ လက်ဝှေ့ စည်းကမ်းအတိုင်း ထိုးသတ်မည့် ပထမအကြိမ် ရိုးရာလက်ဝှေ့ပွဲ    ကျင်းပမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။

ထိုင်းနိုင်ငံခရီးသွားနှင့်  အားကစားဝန်ကြီးဌာန၊ ထိုင်းကိုယ်ခံ ပညာအဖွဲ့နှင့် မြန်မာမီဒီယာအဖွဲ့တို့ ပူးတွဲစီစဉ်သည့် Lethwei in Thailand မြန်မာ့ရိုးရာ လက်ဝှေ့ ပွဲကို မတ် ၂၅ ရက် နေ့လယ် ၁ နာရီတွင် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ မဟာချိုင်ရပ်ရှိ ဆာမတ်ဆာ ခွန်အားကစားရုံ၌ ကျင်းပမည်ဖြစ်သည်။

‘‘ဒီပွဲက ထိုင်းမှာ ပထမဆုံး လုပ်တဲ့ မြန်မာ့ရိုးရာ လက်ဝှေ့ပွဲပါ။ တချို့နယ်စပ်မှာလုပ်တဲ့ပွဲ တချို့တို့ရှိပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး မြန်မာ့ရိုးရာလက်ဝှေ့စည်းမျဉ်း စည်းကမ်းအတိုင်း တရားဝင်လုပ်တာကတော့ ပထမဆုံးပါပဲ။ မြန်မာနိုင်ငံက လက်ဝှေ့ကျော်တွေပါမယ့်အပြင် ထိုင်းမွေထိုင်းက ရွှေခါးပတ်ချန်ပီယံတွေနဲ့ ထိုးရမှာပါ။ ပရိသတ်တွေအတွက် ဒီလိုမျိုးပွဲကောင်းတွေ ကြည့်ရအောင်၊ နောက်ထပ်လည်း စီစဉ်နိုင်အောင် ကြိုးပမ်းသွားပါမယ်’’ ဟု ပွဲစီစဉ်သူ ဦးဝဏ္ဏက ပြောသည်။

အဆိုပါ လက်ဝှေ့ပွဲတွင် တွဲဆိုင်း ခုနစ်ဆိုင်းပါဝင်မည်ဖြစ်ပြီး အမျိုးသားတွဲဆိုင်း ခြောက်ဆိုင်းနှင့် အမျိုးသမီးတွဲဆိုင်း တစ်ဆိုင်း ယှဉ်ပြိုင်မည်ဖြစ်သည်။ အထူးပွဲ အဖြစ်မြန်မာ့လက်ဝှေ့ကျော် စောဂေါ်မူဒိုနှင့် ထိုင်းမွေထိုင်း ရွှေခါးပတ်ဆုရှင် ပက်ခ်ျဆာမတ်တို့ ထိုးသတ်မည်ဖြစ်သည်။ အခြားအမျိုးသား တွဲဆိုင်းတွင် လမ်းမယူနှင့် ထိုင်းလက်ဝှေ့ကျော် ဒန်ယန်းဆို ဆစ်ခိုမတ်၊ ထွန်းလွင်မိုးနှင့် ထိုင်းလက်ဝှေ့ကျော် ဒါဂျစ်မန်နွန်တို့ ထိုးသတ်မည် ဖြစ်သည်။ စောမူ ထော်ကေးနှင့် ထိုင်းဘက်ဝှေ့ကျော် ခွန်ပရပ်တီမန်လေ၊ စွမ်းထက်နိုင်နှင့် ထိုင်းလက်ဝှေ့ကျော် ပက်ခ်ျကာရပ်တို့လည်း ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။

အမျိုးသမီးတွဲဆိုင်းတွင် မြန်မာ့လက်ဝှေ့မယ် ဘရော်နီကာ နှင့်ထိုင်းမွေထိုင်း ရွှေခါးပတ်ဆုရှင် ဂျာဖန်ဂန်ဆစ် ပုတွဲခန်နန်တို့ ထိုးသတ်မည်ဖြစ်သည်။

အဆိုပါ လက်ဝှေ့ပွဲကို မြန်မာ့ရိုးရာ လက်ဝှေ့အဖွဲ့ချုပ်မှ ဒိုင်လူကြီးများက ဒိုင်အဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး အနားတောင်းစနစ် ပါဝင်မည့်အပြင် ငါးချီအတွင်း အလဲမထိုးနိုင်ပါက ပူးတွဲသရေအဖြစ်  သတ်မှတ်မည် ဖြစ်ကြောင်း ဦးဝဏ္ဏက ပြောသည်။

ယင်းမြန်မာ့ရိုးရာ လက်ဝှေ့ပြိုင်ပွဲကို ရုံဝင်ကြေးအဖြစ် ထိုင်းဘတ် ငါးရာ (ကျပ်နှစ်သောင်းဝန်းကျင်) သတ်မှတ်ထားသည်။

(7days)