ထိုင်းလိဂ်ဝမ်းမှာ ပထမဆုံး Man of the Match ဆုရရှိခဲ့တဲ့ အောင်သူ
ထိုင်းကလပ်အသင်းတစ်သင်းဖြစ်တဲ့ Police Tero အသင်းမှာကစားနေတဲ့ မြန်မာဘောလုံးချစ်ပရိသတ်တွေ ရဲ့ အချစ်တော်ကစားသမားအောင်သူဟာ ချင်းဂရိုင်ယူနိုက်တက်အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲစဉ်မှာ Man of the Match ဆုကိုရရှိခဲ့ပါတယ်။
အဆိုပါပွဲစဉ်မှာ ချင်းဂရိုင်ယူနိုက်တက်အသင်းအတွက် ပွဲချိန်(၁၆)မိနစ်မှာပဲ နာဘီဟီက အဖွင့်ဂိုးသွင်းယူပေးခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် (၆၇)မိနစ်မှာ မားကို့စ်ဗီနီဆီးယက်စ်က Police Tero အသင်းအတွက် ချေပဂိုးပြန်လည် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာ အောင်သူအနေနဲ့ ပွဲထွက် (၁၁)ဦးစာရင်းမှာ ပါဝင်ကစားခွင့်ရရှိခဲ့ပေမယ့်လည်း တစ်ဖက်အသင်း ဖြစ်တဲ့ ချင်းဂရိုင်ယူနိုက်တက်အသင်းမှာတော့ မြန်မာတိုက်စစ်မှူးကျော်ကိုကို က အရန်ကစားသမား အနေနဲ့သာ ပါဝင် ကစားခွင့် ရရှိခဲ့ပါတယ်။
အောင်သူဟာ Police Tero အသင်းအတွက် ပရာချွတ်အသင်းနဲ့ပွဲစဉ်မှာ ပထမဆုံးသွင်းဂိုး သွင်းယူပေးခဲ့ပြီး ယခု ချင်းဂရိုင်ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ Man of the Match ဆုကိုရရှိခဲ့တာဖြစ်ပါတယ်။
Police Tero အသင်းဟာ လက်ရှိချိန်ထိ (၃)ပွဲကစားပြီးရာမှာ အောင်သူဟာ ပရာချွတ်အသင်း ၊ ချင်းဂရိုင် ယူနိုက်တက်အသင်းများနဲ့ကစားတဲ့ပွဲစဉ်တွေမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့် ရရှိထားပြီး ဘန်ကောက် ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရရှိထားပါတယ်။
Photo Credit – Police Tero FC Facebook Page