အမေရိကန်အခြေစိုက် ရုရှားသတင်းဌာန ပြည်ပအေးဂျင့်အဖြစ် မှတ်ပုံတင်
အမေရိကန်အခြေ စိုက် ရုရှားသတင်းဌာနဖြစ်သော RIA Global LLC သည် အမေရိကန်တရားရေးဌာနထံ ပြည်ပ အေးဂျင့်အဖြစ် မှတ်ပုံတင်ခဲ့ပြီး ယင်းမှာ နိုဝင်ဘာက အမေရိကန် အစိုးရ၏ ဖိအားပေးခြင်းခံရပြီးနောက် မှတ်ပုံတင်သည့် ရုရှားနှင့် ဆက်နွှယ်သော စတုတ္ထမြောက် မီဒီယာကုမ္ပဏီဖြစ်သည်။
ရုရှားနိုင်ငံပိုင် သတင်းဌာန ဖြစ်သော Sputnik အတွက် အာဘော်ထုတ်လွှင့်ပေးနေသော RIA Global သည် ပြည်ပအေးဂျင့် မှတ်ပုံတင်အက်ဥပဒေ (FARA) အရ ဖေဖော်ဝါရီ ၁၆ ရက်က မှတ်ပုံတင်ခဲ့သည်။
၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နှောင့်ယှက်ရန် ရုရှား၏ ကြိုးပမ်းမှုများအပေါ် ကွန်ဂရက်ဆိုင်ရာ ကော်မတီအမြောက်အမြားနှင့် အထူးရှေ့နေ ရောဘတ်မူလာက စုံစမ်းစစ်ဆေးနေခိုက် ပြည်ပဝါဒဖြန့်ချိရေး ရင်းမြစ်ကို ပြည်သူများ သတိပြုမိစေရန် ရည်ရွယ်သည့် သက်တမ်းနှစ် ၈၀ ကြာ FARA အက်ဥပဒေသည် လတ်တလော လများအတွင်း အရေးပါအရာရောက်လာသည်။
ရောဘတ်မူလာသည် အမေရိကန်သမ္မတ ရွေးကောက်ပွဲ ဝင်ရောက်စွက်ဖက်မှုဖြင့် ရုရှားနိုင်ငံသား ၁၃ ဦးနှင့် ရုရှားကုမ္ပဏီသုံးခု ကို ဖေဖော်ဝါရီ ၁၆ ရက်က တရားစွဲဆိုခဲ့သည်။
ယင်းတရားစွဲခံရသူများတွင် စိန့်ပီတာစဘတ်မြို့ အခြေစိုက် အင်တာနက် သုတေသနအေဂျင်စီလည်း ပါဝင်သည်။
FARA အက်ဥပဒေအရ RIA Global သည် မှတ်ပုံတင်ရန်လိုအပ်ကြောင်း အမေရိကန် တရားရေးဌာနက Sputnik ကို ဇန်နဝါရီက သတိပေးခဲ့သည်။
ရှိုးပွဲများ၊ သတင်းထုတ်လွှင့်မှုနှင့် ဝက်ဘ်ဆိုက်ပေါ်တွင်တင်သော ဆောင်းပါးများနှင့်ပတ်သက်၍ အမှီအခို ကင်းသည့် အယ်ဒီတာ ထိန်းချုပ်လုပ်ပိုင်ခွင့် ဆက်လက်ထားရှိမည်ဖြစ်ကြောင်းနှင့် FARA အက်ဥပဒေ ကျင့်သုံးသင့်သည် ဆိုခြင်းနှင့် ပတ်သက်၍ လေးလေးစားစား သဘောထားကွဲလွဲကြောင်း RIA Global က ပြောကြားသည်။
—Ref: Reuters