အောင်လအန်ဆန်နှင့်ပွဲတွင် အိမ်ရှင်ပရိသတ်၏ ဖိအားကို မစိုးရိမ်ကြောင်း မာချာဒိုပြော
လိုက်ဟဲဗီးဝိတ်ချန်ပီယံလုပွဲတွင် အောင်လအန်ဆန်နှင့်ယှဉ်ပြိုင်မည့် ဘရာဇီး MMA ကစားသမားမာချာဒို (ဓာတ်ပုံ − MMA)
ရန်ကုန်မြို့တွင် ယှဉ် ပြိုင်ထိုးသတ်မည့် အောင်လအန်ဆန်နှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံလုပွဲ၌ အိမ်ရှင်ပရိ သတ်ဖိအားကို မစိုးရိမ်ကြောင်း ဘရာဇီး MMA ကစားသမားမာချာ ဒိုက One Championship အား ပြောသည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ အမျိုးသားအားကစား ပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ Quest for Gold အမည်ဖြင့် ကျင်းပမည့် MMA(One Championship) ပြိုင်ပွဲတွင် တွဲဆိုင်းကိုးဆိုင်းယှဉ် ပြိုင်မည်ဖြစ်ပြီး အဓိကပွဲစဉ်အ ဖြစ် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် ဘရာဇီးနိုင်ငံသား အလက်ဇန္ဒား မာချာဒိုတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
‘‘မြန်မာနိုင်ငံမှာ အားလုံးက အားပေးချစ်ခင်ကြတဲ့ အောင်လအန်ဆန်လိုမျိုး ချန်ပီယံတစ်ယောက်နဲ့ ထိုးသတ် ရမှာကို ကျွန်တော် လုံးဝမတုန်လှုပ်မိပါဘူး။ ပရိသတ်တွေက ကျွန်တော့် ပြိုင်ဘက်ကိုပဲ အားပေးကြမှာကို မစိုးရိမ်မိပါဘူး။ ကျွန်တော်တို့ ကြိုးဝိုင်းထဲမှာ ယှဉ်ပြိုင်ရတဲ့အခါ မျှမျှတတ ကစားသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်က ဘယ်လိုပြိုင်ဘက် မျိုးကိုမဆို ရင်ဆိုင်ယှဉ်ပြိုင်သွားမယ့် ကစားသမားကောင်း တစ်ယောက်ဖြစ်တယ်ဆိုတာ တစ်နိုင်ငံလုံးကိုပြသသွားမှာပါ’’ ဟု မာချာဒိုက ပြောသည်။
အဆိုပါ ချန်ပီယံလုပွဲတွင် အောင်လအန်ဆန်ကို အနိုင်ယူ ကာ လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို သိမ်းပိုက်ပြီး ရန်ကုန်မြို့မှ ပြန်နိုင်ရန်အကောင်းဆုံး ကြိုးစားမည်ဟု ၎င်းက ကြုံးဝါးသည်။
မာချာဒိုသည် ဂျူဂျစ်ဆု တိုက်ခိုက်နည်းတွင် ခါးပတ်နက် ရရှိထားသည့် MMA ကစားသမား ဖြစ်ပြီး ၂၀၁၆ က ယှဉ်ပြိုင်သည့် နောက်ဆုံးပွဲ၌ ဂါလာနီကို ဒုတိယ အချီအတွင်း အနိုင်ရရှိထားသည်။
အသက် (၃၅) နှစ်အရွယ် မာချာဒိုသည် MMA ပြိုင်ပွဲသမိုင်း တစ်လျှောက် ၁၀ ပွဲကစား ရှစ်ပွဲ နိုင်၊ နှစ်ပွဲ ရှုံးနိမ့်ထားသည်။
အောင်လအန်ဆန်သည် လက်ရှိတွင် MMA မစ်ဒယ်ဝိတ် တန်း ချန်ပီယံခါးပတ်ရရှိထားသဖြင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံ ခါးပတ်ရရှိပါက ပထမဆုံးချန်ပီယံ ခါးပတ်နှစ်ခုရရှိသည့် MMA ကစားသမား ဖြစ်လာမည် ဖြစ်သည်။
(၃၂)နှစ် အရွယ်အောင်လအန်ဆန်သည် MMA ပြိုင်ပွဲတစ်လျှောက် ၃၁ပွဲ ယှဉ်ပြိုင်ထားပြီး ၂၁ ပွဲနိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။ (7days)