အဂတိ လိုက်စားမှုများကို တိုက်ဖျက်သွားမည်ဟု တောင်အာဖရိက သမ္မတသစ် ကတိပြု

တောင်အာဖရိက သမ္မတသစ် ဆိုင်ရဲလ် ရာမာဖိုဆာက နိုင်ငံ၏ အဂတိ လိုက်စားမှု ပြဿနာကို အစွမ်းကုန် တိုက်ဖျက်သွားမည်ဟု ကတိပြု ပြောကြားခဲ့သည်။

၂၀၀၉ ခုနှစ်ကတည်းက သမ္မတအဖြစ် ရှိနေခဲ့သည့် ဂျက်ကော့ဘ် ဇူးမားသည် အဂတိ လိုက်စားမှု စွပ်စွဲချက်များနှင့် ဆက်တိုက် ဝေဖန်ခံခဲ့ရသည့်နောက် ဖေဖော်ဝါရီ ၁၄ ရက်တွင် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ၎င်း၏ နေရာကို ဒုတိယ သမ္မတ ရာမာဖိုဆာက ဆက်ခံခဲ့ခြင်း ဖြစ်သည်။

ဖေဖော်ဝါရီ ၁၅ ရက်က သမ္မတသစ်အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုသည့် အခမ်းအနားတွင် ရာမာဖိုက ၎င်းအနေဖြင့် တောင်အာဖရိက အစိုးရအတွင်း လှိုက်စားနေသည့် အဂတိမှုများကို ပစ်မှတ်ထား တိုက်ဖျက်သွားမည်ဟု ကြေညာသွားသည်။

သမ္မတအနေဖြင့် လွှတ်တော်တွင် ပထမဆုံး ပြောကြားသည့် မိန့်ခွန်း၌ ရာမာဖိုဆာက “လူတိုင်း အလေးထားနေတဲ့ ကိစ္စကတော့ အဂတိလိုက်စားမှု ပြဿနာပါပဲ။ ကျွန်တော်တို့ ဖြောင့်ဖြောင့်မှန်မှန် ကိုင်တွယ်ဖို့ လိုနေတဲ့ အကြောင်းအရာလည်း ဖြစ်ပါတယ်။ အစိုးရပိုင် စီးပွားရေး လုပ်ငန်းတွေရဲ့ လည်ပတ်မှု၊ အစိုးရရဲ့ ပိုင်ဆိုင်မှု အဝဝကို ကျွန်တော်တို့ မျက်ခြေမပြတ် ပြန်လည် ဆန်းစစ်ရပါတော့မယ်”ဟု ပြောကြားသွားသည်။

၎င်းက တောင်အာဖရိက ပြည်သူများ၏ ဘဝအခြေအနေ မြင့်မားရေးအတွက်လည်း အစွမ်းရှိသမျှ အားထုတ်သွားမည်ဟု ဆိုသည်။ အသက် ၆၅ နှစ်ရှိ သမ္မတသစ်က “ပြည်သူတွေရဲ့ ဘဝအခြေအနေ တိုးတက် မြင့်မားစေဖို့ ကျွန်တော် မမှိတ်မသုန် ဆက်လက် အားထုတ်သွားမှာပါ။ အစွမ်းကုန် ကြိုးစားသွားမှာပါ။ တောင်အာဖရိက ပြည်သူတွေ စိတ်မပျက်စေရပါဘူး”ဟုလည်း ကတိပြုသွားခဲ့သည်။

အာဖရိကအရေး စောင့်ကြည့်သူများကမူ ရာမာဖိုဆာ အနေဖြင့် ဇူးမား ချန်ခဲ့သည့် ဆိုးမွေများကို ဆက်ခံရနိုင်ပြီး နိုင်ငံ၏ စီးပွားရေး အကျပ်အတည်းကို ဖြေရှင်းရန်မှာလည်း ကြီးမားသည့် စိန်ခေါ်မှု တစ်ခုအဖြစ် စောင့်ကြိုနေဖွယ်ရှိကြောင်း ခန့်မှန်း သုံးသပ်ထားကြသည်။

Ref: Reuters