ထောက်ခံအားပေးသော ချယ်လ်ဆီးပရိသတ်ကို နည်းပြကွန်တီ ချီးကျူး

လန်ဒန်- အိမ်ကွင်းတွင် ဝက်စ်ဘရွန်းကို သက်သောင့်သက်သာ ကစားကာ သုံးဂိုးပြတ် အနိုင်ရပြီးနောက် ၎င်းအပေါ် ထောက်ခံအားပေးသော အသင်းပရိသတ်များကို ချယ်လ်ဆီးနည်းပြ ကွန်တီက ချီးကျူးခဲ့သည်။

ဘုန်းမောက်နှင့် ဝက်ဖို့ဒ်ကို နှစ်ပွဲဆက် ဂိုးပြတ်ရှုံးပြီးနောက် ကွန်တီ၏ အနာဂတ်သည် ဖိအားများ သက်ရောက်ခဲ့ သော်လည်း ယခုနိုင်ပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယားတွင် အဆင့် (၄)နေရာ ရောက်ရှိလာသဖြင့် ဖိအားများ အတန်အသင့် လျော့ကျခဲ့သည်။

ယခုပွဲစဉ်တွင် နည်းပြအပေါ် ထောက်ခံမှုပြသသည့်အနေဖြင့် ချယ်လ်ဆီး ပရိသတ်များက ကွန်တီ၏ အမည်ကို အော်ဟစ်အားပေးခဲ့သည်။‘‘ပရိသတ်ကို ကျွန်တော် ကျေးဇူးတင်ရမှာပါ။ ဘာလို့လဲဆိုတော့ သူတို့က ကျွန်တော့်ကို အကြီးအကျယ် ထောက်ခံအားပေးခဲ့လို့ပါ။ ကျွန်တော့် အနာဂတ်နဲ့ ပတ်သက်ပြီး ထင်ကြေးပေးမှုတွေနဲ့ ကောလာ ဟလတွေကို သူတို့ ဖတ်မိခဲ့ပါတယ်။ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ဒါက ဘာကိုဆိုလိုလဲဆိုတော့ ဒီအပြာရောင်၊ ဒီရှပ်အင်္ကျီ၊ ဒီအမှတ်တံဆိပ်ကို ကာကွယ်ဖို့ ကျွန်တော့်ရဲ့ဆန္ဒ၊ အာသီသကို သူတို့က နားလည်တယ်လို့ ဆိုလိုပါတယ်’’ဟု ကွန်တီက ပြောသည်။

ထို့အပြင် ရာသီမကုန်ဆုံးမီ အထိ မိမိအနေဖြင့် ဖိအားများနှင့် နေထိုင်ရမည်ဖြစ်ကြောင်း၊ ယင်းဖိအားကို ကစားသမားများ၏ ပခုံး ပေါ်သို့ တင်မပေးလိုကြောင်း ကွန်တီက ပြောသည်။

ဒီဇင်ဘာ ၃၀ ရက်နောက် ပိုင်း အိမ်ကွင်း၌ ပထမဆုံးလိဂ်နိုင်ပွဲရရှိမှုကြောင့် ချယ်လ်ဆီးသည် အဆင့် (၅)ရှိ စပါးထက် တစ်မှတ်အသာရခဲ့ပြီး ဒုတိယ နေရာရှိ မန်ယူနှင့် သုံးမှတ်၊ တတိယနေရာရှိ လီဗာပူးနှင့် တစ်မှတ်သာ ကွာဟတော့သည်။

လီဗာပူးမှ အငှားဖြင့် ရောက်လာသော တိုက်စစ်မှူး စတာ ရစ်ခ်ျပါဝင်ကစားခဲ့သော်လည်း ၄ မိနစ်တွင် ဒူးကောက်ကြော ဒဏ်ရာကြောင့် လူစားလဲခဲ့ ရ၍ နစ်နာကြောင်း ဝက်စ်ဘရွန်း ကဆိုသည်။       

—Ref: BBC