ထိုင်းကမ်းခြေများတွင် ဆေးလိပ်သောက်သုံးသူများကို စတင်အရေးယူ
ဆေးလိပ်သောက်ခွင့် ပိတ်ပင်သည့် ဆိုင်းဘုတ်တစ်ခုအား ထိုင်းကမ်းခြေတစ်ခု၌ စိုက်ထူထားစဉ်
(ဓါတ်ပုံ-အင်တာနက်)
ထိုင်းနိုင်ငံတဝှမ်း ကမ္ဘာလှည့်ခရီးသည်တွေ လည်ပတ်မှုများတဲ့ ကမ်းခြေ ၂၄ ခုမှာ ဆေးလိပ်သောက်သုံးမှုကို ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလကတည်းက တားမြစ်ခဲ့ပြီးနောက် အခုအခါမှာတော့ အပြည့်အဝ အရေးယူမှု စတင်တော့မှာ ဖြစ်ပါတယ်။ ဒီဥပဒေသစ်ကို ကနဦးကာလအဖြစ် ရက်ပေါင်း ၉၀ အတွက်သာ ချမှတ်ခဲ့တာဖြစ်ပြီး ရဲတွေက ဥပဒေချိုးဖောက်သူကို မိခဲ့ရင် ဒဏ်ငွေမတပ်ပေမယ့် သတိပေးခံရမယ်လို့ ထုတ်ပြန်ထားခဲ့တာပါ။
ထိုင်းနိုင်ငံမှာ တရားမဝင်တဲ့ အီး-စီးကရက် သောက်သုံးခြင်း အပါအဝင် ဆေးလိပ်သောက်သုံးတာတွေကို ဆေးလိပ် မသောက်ရ ကန့်သတ်နယ်မြေတွေမှာ သောက်ခဲ့ရင် ဒဏ်ကြေးဘတ်ငွေ တသိန်းထိ၊ ဒါမှမဟုတ် ထောင်ဒဏ် တနှစ်ထိ ကျခံရနိုင်ပါတယ်။
အာဏာပိုင်တွေက လာရောက်လည်ပတ်သူတွေအနေနဲ့ ဥပဒေကို လိုက်နာဖို့ ကမ်းခြေတွေရဲ့ အနောက်ဘက်မှာ တရုတ်၊ အင်္ဂလိပ်၊ ထိုင်းဘာသာစကား ၃ မျိုးနဲ့ အမှတ်အသားတွေ ထားပေးကာ ဆေးလိပ်သောက်ရတဲ့ နယ်မြေတွေ သတ်မှတ်ပေးထားပြီး ဥပဒေနဲ့ပတ်သက်လို့ ကမ်းခြေအနားက ခရီးသွားဧည့်သည်တွေရဲ့ တယ်လီဖုန်းတွေဆီ ဂျီပီအက်စ်အမှတ်အသားတွေ သုံးပြီး တယ်လီဖုန်းမက်ဆေ့ခ်ျတွေ ပို့ခဲ့ကြပါတယ်။
ဒါပေမယ့် ခုချိန်ထိ ကမ်းခြေမှာ ဆေးလိပ်သောက်တာကို တားမြစ်ထားပေမယ့် ပတ္တယားကမ်းခြေမှာတော့ ခရီးသွားဧည့်သည်တွေက တားမြစ်တာကို လျစ်လျူရှုကာ သဲသောင်ပြင်တွေပေါ်မှာ ဆေးလိပ်သောက်နေကြတုန်း ပဲလို့ ကိုကိုးနပ်စ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။
ပတ္တယားဒေသမှာ ဆေးလိပ်သောက်တာကို တားမြစ်တဲ့ တခုတည်းသော ကမ်းခြေက ဒွန်တန်ကမ်းခြေဖြစ်ပြီး စီးကရက်သောက်တာက ကမ်းခြေတွေပေါ်မှာ အမှိုက်တွေနဲ့ စီးကရက်အစီခံတွေ ဘယ်လောက် ကျန်ခဲ့ စေတယ်ဆိုတာ ဖူးခက်အာဏာပိုင်တွေက သိပြီးတဲ့နောက် နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေ အသွားများတဲ့ ကမ်းခြေ ၂၄ ခုမှာ ဆေးလိပ်သောက်တာကို တားမြစ်တဲ့ အစီအစဉ် ဦးဆုံး စမ်းသပ်လုပ်ဆောင်ခဲ့တာပါ။
ဒွန်တန်ကမ်းခြေအပြင် ဆေးလိပ်မသောက်ရ အစီအစဉ် ဦးဆုံးစမ်းသပ်တဲ့ ကမ်းခြေတွေက ပတန် (ဖူးခက်)၊ ဆအန်ချန်း (ရယုန်)၊ လာအမ်းဆာဒက် (ချန်ထာဘူရီ)၊ ဘန်ဆာအန်း၊ ထမ်ဖူရန်၊ ဆိုင်ကွေး၊ ဒွန်တန် (ချွန်ဘူရီ)၊ ချအမ်း (ဖက်ဘူရီ)၊ ဟူရာဟင်းနဲ့ ခါအိုတာကီရက်ဘ် (ပရာချူရက်ပ်ခီရီခန်)၊ ဘိုဖက် (ကော့စမွေ)၊ စိုင်ရီ (ချမ်ဖွန်)၊ ခေါင်အိုလက် (ဖန်င)၊ ကော့ခိုင်နော့နဲ့ ကော့ခိုင်နိုင် (ဖန်င ကမ်းရိုးတန်း)၊ ချာလော့က်ဘန်ကာအို (ကော့တောင်)၊ ကလုန်ဒါအို၊ ကော့ကဝန်နဲ့ ဖရာအား (ကော့လန်တာ)၊ ဘန်ချူအန် (တရက်)၊ ချာလာထက် (စုန်ခလာ)၊ ဆမ်မရန် (ထရန်(င်))၊ ပလိုင်ဆိုင် (နက်ခွန်းစရီထမ်မာရက်) နဲ့ ဝါစုကရီ (ပတ္တနီ) ကမ်းခြေတွေဖြစ်တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
(DVB)