လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ပြိုင်ဘက် မာချာဒိုကို သုံးချီအတွင်း အလဲထိုးမည်ဟု အောင်လအန်ဆန် ကြုံးဝါး

ရန်ကုန်မြို့၌ ဖေဖော်ဝါရီလအတွင်း ယှဉ်ပြိုင်ရမည့် MMA လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လုပွဲတွင် ပြိုင်ဘက် ဘရာဇီးနိုင်ငံသား အလက်ဇန္ဒားမာချာဒိုကို သုံးချီအတွင်း အလဲထိုးနိုင်မည်ဟု ယုံကြည်ကြောင်း အောင်လအန် ဆန်က ပြောသည်။

အဆိုပါပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၃ ရက်တွင် ရန်ကုန်မြို့ အမျိုးသား အားကစားရုံ (၁)သုဝဏ္ဏ၌ ကျင်းပမည့် MMA ပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်နှင့် ဘရာဇီးနိုင်ငံသား အလက်ဇန္ဒား မာချာဒိုတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ မာချာဒိုသည် ဂျူဂျစ်ဆုတိုက်ခိုက်နည်းတွင် ခါးပတ်နက် ရရှိထားသည့် MMA ကစားသမားဖြစ်ပြီး ၂ဝ၁၆ခုနှစ် နောက်ဆုံးပွဲတွင် အောင်လအန်ဆန်နှင့် ယှဉ်ပြိုင်ဖူးသည့် ဂါလာနီကို ဒုတိယ အချီအတွင်း အနိုင်ရရှိထားသည်။

MMA လိုက်ဟဲဗီး ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုကို မူလက အသက် ၃၆နှစ်ရှိ ဘရာဇီး နိုင်ငံသား ရော်ဂျာကရေ့စ်က ရရှိထား သော်လည်း လက်ရှိတွင် အသက်အရွယ်ကြောင့် MMA ကစားသမားဘဝမှ အနားယူခဲ့သဖြင့် လစ်လပ် နေသည့် MMA လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုအတွက် အောင်လအန်ဆန်နှင့် အလက်ဇန္ဒား မာချာဒိုတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် လက်ရှိတွင် MMA မစ်ဒယ်ဝိတ်တန်းချန်ပီယံ ခါးပတ်ရရှိထား သဖြင့် လိုက်ဟဲဗီးဝိတ်တန်း ချန်ပီယံခါးပတ် ထပ်မံရရှိပါက ချန်ပီယံခါးပတ် နှစ်ခုရရှိသည့် MMA ကစားသမား တစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။  (မြ၀တီ)