ဖင်လန်ရွေးကောက်ပွဲ၌ လက်ရှိသမ္မတ နီးနစ်စတို အား ထပ်မံရွေးချယ်
ဇန်န၀ါရီ ၂၉
ကျင်းပခဲ့သော ဖင်လန်သမ္မတရွေးကောက်ပွဲ၌ လက်ရှိ သမ္မတ ဆောလီ နီးနစ်စတို ထပ်မံ အနိုင်ရရှိသွားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်န၀ါရီ ၂၈ ရက် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် နီးနစ်စတိုမှာ လက်တွေ့ဆန်ဝါဒီ တစ်ဦးဖြစ်ပြီး ပြည်သူများ၏ ထောက်ခံအားပေးမှုကို ရရှိထားသူဖြစ်သည်။ ယင်းအပြင် လက်ရှိအချိန်တွင် အနောက်အုပ်စုနှင့် တင်းမာမှုများရှိနေသည့် သြဇာကြီး အိမ်နီးချင်း ရုရှနှင့်အကြားလည်း ဟန်ချက်ညီသည့် ဆက်ဆံရေးတစ်ရပ် ထူထောင်ထားနိုင်သူဟု အမှတ်ပေးခံထားရသူတစ်ဦးလည်း ဖြစ်သည်။
” ခုလို ပြည်သူတွေက တစ်ခဲနက် ကျွန်တော့်ကို ထောက်ခံခဲ့ကြလို့ အံ့အားသင့်မိသလို ခံလည်း ခံစားရပါတယ်” ဆိုပြီး သမ္မတ နီးနစ်စတိုက သတင်းထောက်များကို ပြောသည်။
၎င်းသည် ရွေးကောက်ပွဲ မဲအားလုံး ရေတွက်ပြီးစီးသွားချိန်တွင် မဲအရေအတွက် ၆၂ ရာခိုင်နှုန်းကျော်ထိ စုဆောင်း ရရှိခဲ့ကာ ပြိုင်ဘက် ကိုယ်စားလှယ်များအပေါ်အပြတ်အသတ် အသာရခဲ့သည်။
ဆယ်စုနှစ် သုံးစုကျော်အကြာတွင် ဖင်လန်၏ လူကြိုက်အများဆုံး သမ္မတ ဖြစ်နေလျက်ရှိသည့် သမ္မတ နီးနစ်စတိုမှာ ယခု ရွေးကောက်ပွဲ ပထမအကျော့မဲခွဲမှုတွင် အပြတ်အသတ် အနိုင်ရခဲ့သည့်အတွက် နောက်ထပ် ဒုတိယအကျော့မဲခွဲရန်ပင် လိုတော့မည်မဟုတ်ပေ။
နီးနစ်စတို၏ အနီးကပ်ပြိုင်ဘက် ဂရင်းန် ပါတီမှ ပက်ကာ ဟာဗစ်စတိုမှာ မဲအရေအတွက် ၁၂ ရာခိုင်နှုန်း သာ ရရှိခဲ့သည်။
-Ref; AFP