တောင်ကိုရီးယားတွင် ဆေးရုံတစ်ရုံ မီးလောင်မှုကြောင့် လူ ၃၉ ဦးထက်မနည်း သေဆုံး
တောင်ကိုရီးယား နိုင်ငံတွင် ဆေးရုံ မီးလောင်မှု တစ်ခုကြောင့် အနည်းဆုံး လူ ၃၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
မာရ်ယန်းမြို့ရှိ ဆီဂျောင် ဆေးရုံမှ အရေးပေါ်ခန်းတွင် ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက စတင် မီးလောင်ခဲ့ခြင်း ဖြစ်သည်။ ယခုအခါ မီးကို ငြှိမ်းသတ်နိုင်ခဲ့ပြီးနောက် ထိခိုက် သေဆုံးသူများကို လိုက်လံ ရှာဖွေလျက် ရှိသည်။
ဒေသဆိုင်ရာ အာဏာပိုင်များက သေဆုံးသူ ၃၉ ဦးထက်မနည်း ရှိခဲ့ပြီး ၇၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း မှတ်ချက်ပြု ပြောဆိုထားသည်။ မီးလောင်မှု စတင်ဖြစ်ပွားချိန်က ဆေးရုံထဲတွင် လူနာ ၂၀၀ ခန့် တက်ရောက် ကုသမှု ခံယူနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။
မီးလောင်နေစဉ်အတွင်း ဆေးရုံမှ လူနာများနှင့် အနီးရှိ သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွင် ရှိနေသူများကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရသည်။ မီးသတ်ဝန်ထမ်းများက သေဆုံးသူ အများအပြားသည် မီးလောင်ခံရခြင်းထက် မီးခိုးမွှန်၍ အသက်ဆုံးရှုံးခဲ့သည်ကို တွေ့ရှိရကြောင်း ယွန်ဟပ် သတင်းဌာနသို့ ပြောကြားခဲ့သည်။
ဒဏ်ရာရသူများထဲတွင် အခြေအနေ ဆိုးရွားသူများ ပါရှိနေပြီး သေဆုံးသူ ဦးရေမှာ လက်ရှိထက် မြင့်တက် လာနိုင်ကြောင်းလည်း သိရသည်။ မီးသတ်ဌာန အကြီးအကဲ ချွိုင်မန်ဝူက ဆေးရုံတွင် မီးစလောင်ရသည့် အကြောင်းရင်းကို မသိရှိရသေးဘဲ လတ်တလော စုံစမ်းမှုများ ပြုလုပ်နေဆဲဟု သတင်းထောက်များထံ မှတ်ချက်ပေးခဲ့သည်။
ယွန်ဟပ် သတင်းဌာနက ဆေးရုံအနီး သက်ကြီးရွယ်အို စောင့်ရှောက်ရေး ဂေဟာတွင် ရှိနေသူ ၉၃ ဦးကိုမူ တာဝန်ရှိသူများက ဘေးရန်ကင်းရှင်းစွာ ရွှေ့ပြောင်းပေးနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ မီးလောင်မှု ဖြစ်ပွားနေချိန်တွင် တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းသည် သက်ဆိုင်ရာ တာဝန်ရှိသူများကို အရေးပေါ် အစည်းအဝေး ခေါ်ယူပြီး ဖြစ်ရပ်နှင့် ပတ်သက်၍ ထိရောက် အားကောင်းစွာ တုံ့ပြန် ကိုင်တွယ်နိုင်ရန် ညွှန်ကြားခဲ့ကြောင်း သတင်းများက ဆိုသည်။
အဆိုပါ ဆေးရုံကို ၂၀၀၈ ခုနှစ်က တည်းက စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။ အခင်းဖြစ်ချိန်က ဆေးရုံတွင် လူနာများအပြင် ကျန်းမာရေးဝန်ထမ်း ၃၅ ဦးမျှ ရှိနေခဲ့ကြောင်းလည်း ကျန်းမာရေး ဝန်ကြီးဌာန စာရင်းများအရ သိရှိရသည်။
တောင်ကိုရီးယားတွင် ပြီးခဲ့သည့် လကလည်း ဂျီချီယွန်မြို့၌ အများပြည်သူသုံး အားကစားခန်းမတစ်ခု မီးလောင်မှု ဖြစ်ပွားပြီး လူပေါင်း ၂၉ ဦး အသက်ဆုံးရှုံးခဲ့ဖူးသည်။
Ref: CNN