ရီးရဲမက်ဒရစ်ကို ပြောင်းရွှေ့ဖို့အတွက် နေမာကို ခြွင်းချက်တစ်ခုနဲ့ ခွင့်ပြုလိုက်တဲ့ ပီအက်စ်ဂျီအသင်းပိုင်ရှင်
ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာဟာ ယမန်နေ့ကမှ ရီးရဲမက်ဒရစ်အသင်းကို လာမယ့်နွေရာသီမှာ ပြောင်းရွှေ့ကစားလိုတယ်လို့ ပြောကြားခဲ့ပြီး ပီအက်စ်ဂျီအသင်းကလည်း နေမာကို ရောင်းချလိုနေတယ်လို့ သိရပါတယ်။
ရီးရဲမက်ဒရစ်အသင်းဟာ ယခုရာသီမှာ ရလဒ်တွေဆိုးရွားနေပြီး ရာသီကုန်မှာ ဖလားလက်မဲ့ဖြစ်မယ့်အရေးနဲ့ ရင်ဆိုင်နေရတာကြောင့် နေမာကို ခေါ်ယူဖို့ မဖြစ်မနေ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုကလည်း လာမယ့်နွေရာသီမှာ ဘာနေဗျူးကနေ ထွက်ခွာပြီး မန်ချက်စတာယူနိုက်တက်အသင်းကို ပြန်လည်ပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရော်နယ်ဒိုမရှိတဲ့ နောက်ပိုင်းမှာ အသင်းအတွက် အားထားရမယ့် ထိပ်တန်းဂိုးသွင်းရှင်တစ်ဦး လိုအပ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်က ဒီဂျွန်အသင်းကို ၈ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက ပင်နယ်တီကန်ခွင့် ရရှိခဲ့ပြီး နေမာက ကာဗာနီကို ပေးမကန်ဘဲ ကိုယ်တိုင်ကန်သွင်းယူခဲ့တာကြောင့် ပရိသတ်တွေရဲ့ ပြစ်တင် ရှုတ်ချခြင်းကို ခံခဲ့ရပါတယ်။ ကာဗာနီဟာ ယင်းပင်နယ်တီကို ကန်သွင်းယူနိုင်ခဲ့မယ်ဆိုရင် ပီအက်စ်ဂျီအသင်းရဲ့ တစ်သက်တာ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၁၅၆ ဂိုးနဲ့ စံချိန်တင်ထားတဲ့ အီဘရာဟီမိုဗစ်ရဲ့စံချိန်ကို ချိုးဖျက်နိုင်မှာ ဖြစ်ပေမယ့် နေမာက ကာဗာနီကို ပင်နယ်တီကန်ခွင့် မပေးခဲ့ပါဘူး။
ပီအက်စ်ဂျီအသင်းရဲ့ပိုင်ရှင် နက်ဆာအယ်ခါလီဖီက အသင်းမှာ မပျော်မရွှင်ဖြစ်နေတဲ့ နေမာကို ရီးရဲမက်ဒရစ် အသင်းထံ ထွက်ခွာခွင့်ပေးမယ်လို့ ပြောကြားခဲ့ပြီး ခြွင်းချက်အနေနဲ့ နေမာဟာ ပီအက်စ်ဂျီအသင်းကို ချန်ပီယံလိဂ်ဖလား ရရှိအောင် ကူညီပေးရမှသာ ပီအက်စ်ဂျီအသင်းကနေ ထွက်ခွာခွင့်ပြုမယ်လို့ နှစ်ဦးကြား သဘောတူညီမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
ပီအက်စ်ဂျီအသင်းဟာ လာမယ့်ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ ရီးရဲမက်ဒရစ်အသင်းနဲ့ ၁၆ သင်းပတ်လည် ရှုံးထွက်အဆင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး ယင်းပွဲစဉ်မှာ နေမာအနေနဲ့ လက်ရှိချန်ပီယံ ရီးရဲမက်ဒရစ် အသင်းကို ပြိုင်ပွဲကနေရှုံးနိမ့်ပြီး ၁၆ သင်းအဆင့်ကနေ လှည့်ပြန်သွားအောင် စွမ်းဆောင်ပေးရမှာ ဖြစ်ပါတယ်။
Source & Photos: Metro : Duwun