ကြံ့ခိုင်ရေး အခြေအနေကြောင့် ထွန်းထွန်းမင်း၏ ပွဲစဉ်ကို ရွှေ့ဆိုင်း လိုက်ရ

မြန်မာပြည် ချန်ပီယံ ထွန်းထွန်းမင်းသည် ၄င်း၏ ဒဏ်ရာ အခြေအနေကြောင့် လာမည့် ဇန်နဝါရီ ၁၄ ရက်တွင် ယှဉ်ပြိုင်မည့် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့ကြောင်း ပွဲစီစဉ်သူ ကီးမား ဦးတင်ဝင်းထံမှ သိရသည်။

The First Fight မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲ အဓိက တွဲဆိုင်းတွင် ယှဉ်ပြိုင်မည့် ပထမတန်း လက်ဝှေ့ကျော် ထွန်းထွန်းမင်းသည် ယမန်နေ့က လေ့ကျင့်ရေး လုပ်နေစဉ် စိတ်တိုင်း မကျသည့် အနေအထား ဖြစ်ပေါ် လာသည်ဟု ပွဲစီစဉ်သူထံသို့ အကြောင်းကြား လာသဖြင့် သတ်မှတ်ရက်တွင် ၄င်းယှဉ်ပြိုင်ရန် အဆင်သင့် မဖြစ်သေးသည့်အတွက် The First Fight ရိုးရာ လက်ဝှေ့ပွဲကို ဇန်နဝါရီ ၁၄ ရက်တွင် ကျင်းပမည် မဟုတ်ဘဲ အချိန်ကာလ အတိုင်းအတာ တစ်ခုအထိ ရွှေ့ဆိုင်း လိုက်ရကြောင်း ပြောသည်။

ထွန်းထွန်းမင်း သည် ဒူးဒဏ်ရာကြောင့် တစ်နှစ်နီးပါး အနားယူခဲ့ရပြီးနောက် ပထမဆုံး ပြန်လည် ယှဉ်ပြိုင်မည့် ပွဲစဉ်မတိုင်မီ ယခုကဲ့သို့ ဖြစ်ပေါ်ခြင်းဖြစ်ပြီး ဒဏ်ရာဟောင်းကို ပြန်လည် ထိခိုက်မိခြင်းကြောင့် ဖြစ်ကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။ ထို့ပြင် ယခုပွဲစဉ်ကို ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ခြင်း မဟုတ်သော်လည်း ပြန်လည် ယှဉ်ပြိုင်မည့် ရက်ကို မသတ်မှတ်ရသေးကြောင်း သိရသည်။

(မြ၀တီ)