မည်သည့်ခြိမ်းခြောက်မှုကိုမဆို အန်တုရင်ဆိုင်နိုင်သော စစ်အင်အား အပြည့်အဝရှိဟု အစ္စရေးဝန်ကြီးချုပ် ပြော

ဂျေရုဆလင် ဒီဇင်ဘာ ၂၈

အစ္စရေးလေတပ်သည် မည်သည့်ခြိမ်းခြောက်မှုကိုမဆို အန်တုရင်ဆိုင်နိုင်သော စစ်အင်အား အပြည့်အဝရှိသည်ဟု ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူက ပြောကြားလိုက်ကြောင်း ဒေသဆိုင်ရာ သတင်းဌာနများက ဒီဇင်ဘာ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

အစ္စရေးလေတပ်သည် မည်သည့်အကွာအဝေးမဟူ ပစ်မှတ်အသီးသီးသို့ ပစ်ခတ်တိုက်ခိုက် နိုင်စွမ်းရှိကြောင်း၊ စစ်ရေးစွမ်းပကားများအရ အမြင့်ဆုံးအနေအထားတွင် ရောက်ရှိနေကြောင်း၊ နည်းပညာသုံး စစ်လက်နက် ကိရိယာများ၊ စစ်လေယာဉ်များ၊ တိုက်လေယာဉ်မှူးများမှာ အကောင်းဆုံးအဆင့်တွင် ရှိနေကြပြီး ထိုးစစ် အတွက်ရော ခံစစ်အတွက်ပါ တိုက်ပွဲဝင်နိုင်စွမ်းရှိကြောင်း ဝန်ကြီး ချုပ် နေတန်ယာဟူက နိုင်ငံတောင်ပိုင်း ဟက်ဇာရင် လေတပ်စခန်း၌ ဒီဇင်ဘာ ၂၇ ရက်က လေတပ်လေယာဉ်မှူးများ၏ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် ပြောကြားသည်။

ဆီးရီးယားနိုင်ငံ၌ အီရန်၏ စစ်ရေးတည်ရှိမှုကို မိမိတို့လက်မခံနိုင်ကြောင်း နေတန်ယာဟု က သတိပေးသည်။

အလားတူပင် ဂါဇာကမ်းမြောင်ဒေသနှင့် ပတ်သက်၍ ပြောကြားရာတွင် ဒေသခံ ပါလက်စတိုင်း ပြည်သူများ အနေဖြင့် ငြိမ်းချမ်းစွာနေထိုင်ကြရန် တိုက်တွန်းခဲ့သည်။

အဆိုပါ ဘွဲ့နှင်းသဘင် အခမ်းအနားတွင် လေတပ်လေယာဉ်မှူး ၃၆ ဦးကို တောင်ပံရင်ထိုး တံဆိပ်များ အပ်နှင်း ပေးခဲ့သည်။ အစ္စရေး လေတပ်လေကြောင်းပျံသန်းရေး စစ်တက္ကသိုလ်၌ ပညာသင်ကာလသုံးနှစ်ရှိ သင်တန်းတွင် တက်ရောက်ခဲ့ကြသူ ဗိုလ်လောင်း ၃၆ ဦးတွင် အမျိုးသမီး ဗိုလ်လောင်းတစ်ဦးလည်း ပါဝင်သည်။

ဆင်ဟွာ