ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ ဆိုရှယ်လစ်အတွေးအခေါ်ဆိုင်ရာ ရှင်းလင်းပွဲတက်ရောက်

ပေကျင်း ဒီဇင်ဘာ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဦးဆောင်သော မြန်မာချစ်ကြည်ရေး ကိုယ်စား လှယ် အဖွဲ့သည် ဒေသစံတော်ချိန် ယနေ့နံနက် ၉ နာရီက ကျောက်ယူတိုင် နိုင်ငံတော်ဧည့်ဂေဟာ၌ ကျင်းပသော ရှီကျင့်ဖျင် ခေတ်သစ်တရုတ်နိုင်ငံ ဝိသေသလက္ခဏာပါရှိသော ဆိုရှယ်လစ်အတွေးအခေါ်ဆိုင်ရာ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။

ယင်းနောက် ဒေသစံတော်ချိန် နံနက် ၁ဝ နာရီခွဲတွင် မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ကျောက်ယူတိုင် နိုင်ငံတော်ဧည့်ဂေဟာရှိ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီနိုင်ငံတကာရေးရာဌာနဝန်ကြီး Mr. Sang Tao ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံပြီး တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတို့အကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များအား အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဗဟိုကော်မတီဝင် ဒေါက်တာ နန္ဒာလှမြင့် လိုက်ပါလျက် နိုင်ငံတကာမှ ပါတီခေါင်းဆောင်များနှင့်အတူ ဒေသစံတော်ချိန်ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲတွင် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီဝင် Mr. Wang Hu Ning အား ပြည်သူ့ခန်းမဆောင်၌ သွားရောက်တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲအခမ်းအနားတွင် ပါတီဥက္ကဋ္ဌဦးသန်းဌေးက နှုတ်ခွန်းဆက်မိန့်ခွန်း ပြောကြားခဲ့သည်။ အလားတူ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးစိုးနိုင်နှင့် ဦးဝဏ္ဏမောင်လွင်တို့သည် ကျောက်ယူတိုင် နိုင်ငံတော်ဧည့် ဂေဟာ၌ကျင်းပသော ပါတီတည်ဆောက်ရေး၊ စိန်ခေါ်မှုနှင့် အလားအလာခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်က မြန်မာချစ်ကြည်ရေးကိုယ်စားလှယ် အဖွဲ့ကိုယ်စား ဦးဆောင်ဆွေးနွေးခဲ့သည်။ မြန်မာချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် ဒေသစံတော်ချိန် ယနေ့ညနေ ၅ နာရီတွင် ခေတ္တတည်းခိုရာ Grand Hotel Beijing သို့  ပြန်လည်ရောက်ရှိခဲ့သည်။