သူရဲကောင်းစစ်သည်များအား အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်းအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်

စတုတ္ထအကြိမ် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားမြောက်ဘက်မုခ်အနီးရှိ သူရဲကောင်းဗိမာန်၌ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းတို့ တက်ရောက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါသည်။

အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ ခေတ်အဆက်ဆက်က တိုင်းပြည်အတွက် အသက်ပေးလှူသွားကြသော သူရဲကောင်းစစ်သည် များအား အလေးပြုခြင်း၊ သစ္စာအဓိဋ္ဌာန်လေးချက် ရွတ်ဆိုခြင်း၊ သူရဲကောင်းစစ်သည်များအား ရည်စူး၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် နှစ်မိနစ် ငြိမ်သက်ခြင်းနှင့် သူရဲကောင်းစစ်သည်များအတွက် ရည်စူးစပ်ဆို သောကဗျာများ ရွတ်ဆိုခြင်းတို့ကို အစီအစဉ်အတိုင်း ပြုလုပ်ခဲ့သည်။

ထို့နောက် ပြည်ထောင်စုကြီးတစ်ခုလုံး အမြန်ဆုံးငြိမ်းချမ်းစေရန် ရည်ရွယ်ပြီး ငြိမ်းချမ်းရေးသင်္ကေတ ချိုးဖြူလေးများအား လွတ်လပ်ခြင်း သင်္ကေတအဖြစ် ကောင်းကင်ယံသို့ လွှင့်တင်ပေးခြင်းအစီအစဉ်ကို တက် ရောက်လာသူများထဲမှ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းကြည် (ငြိမ်း) ဦးဆောင်၍ အငြိမ်းစားတပ်မတော် အရာရှိကြီးများက ဆောင်ရွက်ခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသူများက ခေတ်အဆက်ဆက် တိုင်းပြည်အတွက် အသက်စွန့်ခဲ့ကြသော သူရဲကောင်းစစ်သည်များ ကောင်းရာမွန်ရာ ဘုံဘဝသို့ရောက်စေရန် ရည်စူး၍ မိုးပျံပူဖောင်းများ လွှတ်တင်ခြင်းအစီအစဉ်ကိုလည်း ပြုလုပ်ခဲ့သည်။

ဆက်လက်၍ လွမ်းသူ့ပန်းခွေချခြင်း အစီအစဉ်ကို ကျင်းပခဲ့ပြီး အခမ်းအနားကို နံနက် ၁၁ နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ စတုတ္ထအကြိမ် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်းနှင့် လွမ်းသူ့ ပန်းခွေချခြင်းအခမ်းအနားသို့ တပ်မတော်မှ အငြိမ်းစားအရာရှိကြီးများ၊ စစ်မှုထမ်းဟောင်းများနှင့် တိုင်းရင်းသား ပြည်သူဦးရေ ၅ဝဝဝကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

မင်းဟိန်း