မြောက်ကိုရီိးယားက အကြမ်းဖက်မှုထောက်ပံ့သူဟု ဒေါ်နယ်ထရမ့် ကြေညာမည်ဟု ဆို
ဝါရှင်တန်၊ နိုဝင်ဘာ ၂၁
မြောက်ကိုရီိးယားနိုင်ငံအား အကြမ်းဖက်မှု ထောက်ပံ့သည့်နိုင်ငံအဖြစ် ကြေညာမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၀ ရက်က ပြောလိုက်သည်။
အကြမ်းဖက်ဝါဒ ထောက်ပံ့သော နိုင်ငံများအဖြစ် အီရန်၊ ဆီးရီးယားနှင့် ဆူဒန်တို့၏ စာရင်းတွင် အာရှနိုင်ငံ ဖြစ်သော မြောက်ကိုရီးယားကိုပါ ထည့်သွင်းသွားမည်ဖြစ်သည်။
ထိုသို့ ကြေညာခြင်းကို နိုဝင်ဘာ ၂၁ ရက် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မြောက်ကိုရီးယားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု သစ်များ ချမှတ်ခြင်းနှင့် တစ်ပါတည်း လုပ်ဆောင်မည်ဟု ဆိုကာ “ခုလို လုပ်သင့်တာက အရင်နှစ် တော်တော်ကြာကတည်းက လုပ်ခဲ့သင့်တာ။”ဟု ထရမ့်က ပြောသည်။
ထိုပြင် မြောက်ကိုရီးယားအနေဖြင့် ဥပဒေမဲ့ နျူကလီးယားလက်နက်နှင့် ပဲ့ထိန်းဒုံးများ တည်ဆောက်ခြင်းများကို ရပ်ပစ်ရန်လည်း သမ္မတ ထရမ့်က တိုက်တွန်းသည်။
အကြမ်းဖက်ဝါဒထောက်ပံ့သည့် နိုင်ငံအဖြစ်မှ ပြုံယမ်းကို ၂၀၀၈ ခုနှစ်အတွင်းက ပယ်ဖျက်ထားရာမှ ပြန်လည်ထည့်သွင်းရန် ထရမ့်က စဉ်းစားလျက်ရှိနေကြောင်း အိမ်ဖြူတော်က ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်က ပြောထားခဲ့ခြင်း ဖြစ်သည်။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်၏ ဝမ်းကွဲအစ်ကိုဖြစ်သူ ကင်ဂျုံးနမ်အား မလေးရှားတွင် လုပ်ကြံခံရမှု ဖြစ်ပွားပြီးနောက် ယင်းစာရင်းတွင် ပြုံယမ်းအား ပြန်လည်ထည့်သွင်းရေးကို တောင်ကိုရီးယားနိုင်ငံက ဖေဖော်ဝါရီလအတွင်းက ဝါရှင်တန်ကို တိုက်တွန်းထားခဲ့ခြင်းလည်း ဖြစ်သည်။
Ref: New York Times