ဆော်ဒီအစိုးရက ဟူသီ သူပုန်ခေါင်းဆောင် ၄ဝ အား ဆုကြေးငွေထုတ်ပြန်ကြေညာ

ယီမင်နိုင်ငံရှိ ဟူသီစစ်သွေးကြွသူပုန်အဖွဲ့၏ ခေါင်းဆောင် ၄ဝ ၏ သတင်းအချက်အလက်များအား ပေးပို့နိုင်ပါက အမေရိကန်ဒေါ်လာ သန်း ၄ဝဝ ခန့်ကို ဆုကြေးငွေအဖြစ် ပေးအပ်သွားမည်ဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံ အစိုးရက ယမန်နေ့တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း ဒေသတွင်း သတင်းအေဂျင်စီက ပြောသည်။

အဆိုပါ သူပုန်ခေါင်းဆောင်များအား ဖမ်းဆီးမှုပြုလုပ်နိုင်ရန် ယင်းခေါင်းဆောင် များတည်ရှိရာနေရာကို သတင်းပေးနိုင်သူများအား ဆုကြေးငွေပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းထုတ်ပြန်ချက်တွင် ဆော်ဒီအာရေဗျနိုင်ငံ၏ ပိုင်နက်နယ်မြေများကို ဟူသီ၊ အီရန်နှင့် ဟစ်ဇ်ဘိုလာတို့က ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ဖော်ပြထားသည်။

ဟူသီသူပုန်အုပ်စုသည် ဆော်ဒီအာရေဗျနိုင်ငံ၏လုံခြုံရေးကို အဆက်မပြတ် ထိခိုက်လာခြင်းနှင့် အကြမ်းဖက် တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်လာခြင်းတို့ကြောင့် ဆော်ဒီအာရေဗျနိုင်ငံအစိုးရက ယခုကဲ့သို့ ထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ် ကြောင်း ဆော်ဒီပြည်ထဲရေးဝန်ကြီးဌာနက ပြောသည်။

ယီမင်နိုင်ငံမှ ဆော်ဒီအာရေဗျနိုင်ငံသို့ ချိန်ရွယ်ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စင်းကို ဆော်ဒီအာရေဗျ လေတပ်က ကြားဖြတ်ဟန့်တားခဲ့ရကြောင်း ယမန်နေ့က ထုတ်ပြန်ကြေညာခဲ့ သည်။

ယင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ တစ်ဦးမျှ မရှိခဲ့ကြောင်း ကြေညာ ချက်တွင် ဖော်ပြထားသည်။
ဆော်ဒီအာရေဗျနိုင်ငံက ဦးဆောင်သော အဖွဲ့ဝင် ၁ဝနိုင်ငံပါဝင်သည့် ညွန့်ပေါင်း တပ်ဖွဲ့သည် ယီမင်ပြည်တွင်းစစ် အတွင်း ၂ဝ၁၅ခုနှစ် မတ်လမှ စတင်ဝင်ရောက်စွက် ဖက်လာခြင်းဖြစ်သည်။

ယီမင်သမ္မတ အက်ဘ်မန်ဆော ဟာဒီအား ဆန့်ကျင်တိုက်ခိုက်နေသည့် အီရန်နိုင်ငံ ကျောထောက်နောက်ခံပြု ရှီးယိုက် ဟူသီ သူပုန်များကို တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟူသီသူပုန်များသည် ယီမင်နိုင်ငံ၏မြို့တော် ဆာနားနှင့် ယီမင်နိုင်ငံ မြောက်ပိုင်းရှိ မြို့ပေါင်းများစွာကို သိမ်းပိုက်ထားကြောင်း သိရသည်။

 

ဆင်ဟွာ