လာမည့် MMA ပြိုင်ပွဲတွင် နိုင်ငံခြားသား ပြိုင်ဘက်နှင့် ယှဉ်ပြိုင်မည်ဟု မြန်မာ့လက်ဝှေ့ကျော် ဖိုးသော် ပြောကြား

မြန်မာ့လက်ဝှေ့လောကမှ ကမ္ဘာ့ကိုယ်ခံပညာ ပေါင်းစုံ MMA ပြိုင်ပွဲသို့ ပြောင်းရွှေ့လာသော မြန်မာ့လက်ဝှေ့ ကျော် ဖိုးသော်သည် လာမည့် MMA ပြိုင်ပွဲတွင် နိုင်ငံခြားသား ပြိုင်ဘက်နှင့် ယှဉ်ပြိုင်မည်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။ ”ကျွန်တော် နိုင်ငံခြားသားနဲ့ ယှဉ်ပြိုင်နိုင်ဖို့ ဒီထက်ပိုပြီး ကြိုးစားရဦးမယ်။ နိုင်ငံခြားသား ပြိုင်ဘက်တွေက သူတို့မှာ စက်ပစ္စည်းတွေနဲ့ လေ့ကျင့်မှုတွေက စဉ်ဆက်မပြတ် အကောင်းဆုံး ပြင်ဆင် ထားတာပါ။

ကျွန်တော်တို့က အများကြီး ပြင်ဆင်ရဦးမယ်။ ကျွန်တော့်အနေနဲ့ အကောင်းဆုံး ပြင်ဆင်ပြီးရင် နိုင်ငံခြားသားနဲ့ ယှဉ်ပြိုင်မှာပါ” ဟု ပြောသည်။ ယမန်နေ့က ယှဉ်ပြိုင်ခဲ့သော ဖိုးသော်နှင့် စောဘဦး၏ MMA ပြိုင်ပွဲတွင် ဖိုးသော် အနိုင် ရရှိသော်လည်း လိုအပ်ချက်များ ရှိနေကြောင်းကို ”စောဘဦးနဲ့ပွဲမှာ ခံနိုင်ရည်အား နည်းနည်းကျတယ်လို့ ထင်ရတာက အဓိက ကျွန်တော့် ကျန်းမာရေးကြောင့်ပါ။ အကောင်းဆုံး ကြိုးစားခဲ့ပါတယ်။ ကျွန်တော့်မှာ အတွေ့အကြုံလည်း လိုပါတယ်။ ပြိုင်ရတဲ့ ပြိုင်ဘက်က တကယ့်ကို ကောင်းတဲ့သူဖြစ်နေတော့ တော်တော်လေး ကစားလိုက်ရတယ်။ နောက်ပွဲတွေ ဒီထက်ပိုကောင်းအောင် လေ့ကျင့်ပြင်ဆင်သွားပါမယ်”ဟု ဖိုးသော်က ပြောသည်။

ဖိုးသော်သည် မြန်မာ့ လက်ဝှေ့လောကကို ဝင်ရောက်လာပြီး မကြာမီ MMA ပြိုင်ပွဲကို ပြောင်းလဲယှဉ်ပြိုင်ခဲ့ကာ နောက်ဆုံးယှဉ်ပြိုင်သော ပြိုင်ပွဲတွင် ပြည်တွင်း ပြိုင်ဘက် စောဘဦးကို အမှတ်ဖြင့် အနိုင် ရရှိခဲ့သည်။ MMA ပြိုင်ပွဲတွင် ၂ဝ၁၅ ခုနှစ်မှ စတင်ကာ လေးပွဲ ယှဉ်ပြိုင်ထားပြီး ရှုံးပွဲမရှိ စံချိန် ရရှိထားကာ၂ဝ၁၆ ခုနှစ်တွင် One Myanmar Featherweight Tournament ချန်ပီယံ ဆုကိုလည်း ရရှိထားသူ ဖြစ်ကြောင်း သိရသည်။

(7days)