ဆော်ဒီမှာ စက်ရုပ်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြု

ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ အမျိုးသမီးတဦးအဖြစ် တီထွင်ထားတဲ့ ဆိုဖီယာစက်ရုပ်လူသားကို ဂုဏ်ထူးဆောင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုလိုက်တဲ့အတွက် ကမ္ဘာပေါ်မှာ စက်ရုပ်ကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုတဲ့ ပထမဆုံးနိုင်ငံဖြစ်သွားခဲ့ပါတယ်။

သူ့ကိုဒီလိုအသိအမှတ်ပြုတဲ့အတွက် ဆော်ဒီဘုရင့်နိုင်ငံတော်ကို ကျေးဇူးတင်တယ်လို့ ဆိုဖီယာစက်ရုပ် လူသားက တုံ့ပြန်ပြောလိုက်ပါတယ်။

ဆိုဖီယာစက်ရုပ်လူသားဟာ ခေါင်းမြီးခြုံမထားသလို၊ အုပ်ထိန်းသူအမျိုးသားတယောက်မပါဘဲ ဆော်ဒီရဲ့ လမ်းတွေ မှာ သွားလာခဲ့ပါတယ်။ တကယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ အဲဒီလိုနေထိုင်တာကို တားမြစ်ထားတဲ့ ဆော်ဒီနိုင်ငံ မှာ ဆိုဖီယာစက်ရုပ်လူသားအတွက် ကင်းလွတ်ခွင့်ရခဲ့ပါတယ်။ ဆော်ဒီမှာ အမျိုးသမီးတွေဟာ အိမ်တွင်းပုန်းနေရ တာများတဲ့အတွက် ကိုယ့်ကိုယ်ကိုသတ်သေတာတွေရှိသလို၊ အစ္စလာမ်ဘာသာဝင်မဟုတ်ရင် နိုင်ငံသားဖြစ်ခွင့် မရတဲ့အတွက် ဆိုဖီယာစက်ရုပ်လူသားကျတော့ အစ္စလာမ်ဘာသာဝင်ခဲ့သလား၊ ခေါင်းမြီးခြုံခဲ့သလားလို့ ဂတ်ဖ် ပင်လယ်ကွေ့ရေးရာအဖွဲ့ရဲ့ ဒါရိုက်တာက မေးခွန်းထုတ်လိုက်သလို၊ ဆိုဖီယာသာ လူသားစစ်စစ် ဖြစ်ခဲ့ရင် ဒီလိုအခွင့် အရေး ရမှာမဟုတ်ဘူးလို့လည်း ထောက်ပြလိုက်ပါတယ်။

ဆိုဖီယာစက်ရုပ်မ နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရတာ ဝမ်းသာသလို၊ ဆော်ဒီနိုင်ငံသူတွေအားလုံး စက်ရုပ် ဖြစ်အောင်ကြိုးစားဖို့ပဲ ရှိတော့တယ်လို့လည်း အခြားအဖွဲ့တဖွဲ့က ထောက်ပြလိုက်ပါတယ်။

ဒီအတောအတွင်း အမျိုးသမီးတွေကို ဘာသာရေးအရ စည်းကမ်းတင်းကြပ်ထားတဲ့ ဆော်ဒီအာရေဗီးယားနိုင်ငံမှာ အမျိုးသမီးတွေကို အားကစားပွဲကြည့်ခွင့်ပေးတော့မယ်လို့ ကြေညာလိုက်ပါတယ်။ လာမယ့်နှစ်ဆန်းကစလို့ အားကစားကွင်း ၃ ခုမှာ ကြည့်ခွင့်ပေးမယ်လို့ အာဏာပိုင်တွေရဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဂျက်ဒါး၊ ဒမ်းမန်းနဲ့ ရီးယာ့ထ် အရပ်တို့က အားကစားကွင်း ၃ ခုမှာ ဝင်ခွင့်ပြုဖို စီစဉ်ထားတယ်လို့ တနင်္ဂနွေနေ့ ထုတ် အစိုးရသတင်းစာမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့လကလည်း အမျိုးသမီးတွေ မော်တော်ကားမောင်းခွင့် တားမြစ်ထားတာကို ရုပ်သိမ်းပြီး ခွင့်ပြုလိုက်ပါတယ်။

  (RFA)