သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြား ခဲ့သည့် ဦ၀ဏ္ဏမောင်လွင်၏ ပြောကြားချက်များ
ရန်ကုန်၊ အောက်တိုဘာ ၃၀
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြဿနာများနှင့် ပတ်သက်၍ ကိုဖီအာနန်၏ အစီရင်ခံစာပါအတိုင်း ဆောင်ရွက်ရာတွင် မလိုလားအပ်သည့် ပြဿနာနှင့် အငြင်းပွားမှုများ ဖြစ်ပွားလာပါက လက်ရှိအစိုးရက တာဝန်ယူရမည်ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ဗဟို အလုပ်အမှုဆောင် ပါတီဝင် ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
အောက်တိုဘာလ ၃၀ ရက်နေ့က ရန်ကုန်မြို့  သံလွင်လမ်းရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ (USPD) ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဦးဝဏ္ဏမောင်လွင်က မီဒီယာများ၏ မေးမြန်းမှုကို အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ္စများအပေါ်တွင် နိုင်ငံတကာ၏ အကြံပြုချက်များအတိုင်း လုပ်ဆောင်နေပါက ပိုမိုဆိုးဝါးသည့် အခြေအနေများနှင့် ကြုံတွေ့လာနိုင်သည့်အတွက် အစိုးရအနေဖြင့် ယင်းပြဿနာကို ဖြေရှင်းရာတွင် ပြည်တွင်းအင်အားစုများနှင့် နိုင်ငံရေးပါတီများ၏ အကြံဥာဏ်ကို ရယူသင့်ကြောင်း USDP ပါတီ၏ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ နန္ဒာလှမြင့်က ပြောဆိုသည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်အကြံပေးကော်မရှင်ကို USDP ပါတီက တောက်လျှောက်ကန့်ကွက် ခဲ့ပြီး အဆိုပါ အကြံပြုချက်များအနက်မှ နိုင်ငံသားဖြစ်မှု ဥပဒေကို ပြင်ဆင်ရန် ဆိုသည့်အချက်ကိုလည်း လက်မခံနိုင်ကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပါတီတာဝန်ရှိသူများက ပြောကြားသည်။
ကိုဖီအာနန်ကော်မရှင်ကို စတင်ဖွဲ့စည်းစဉ်ကတည်းကပင် USDP ပါတီက သဘောမတူကြောင်း ပြောဆိုခဲ့ပြီး အကြံပေးကော်မရှင်သည် အကြံပေး သက်သက်သာဖြစ်ကြောင်း၊ အစီရင်ခံစာတင်သွင်းသည့်နေ့တွင် အစိုးရက လက်ခံကြိုဆိုထောက်ခံကြောင်းနှင့် အချက်အလက်များကို လမ်းပြမြေပုံအဖြစ် လိုက်နာအကောင်အထည်ဖော်မည်ဟု ပြောကြားခဲ့ သည့်အတွက် မတည်ငြိမ်မှုများ၊ ပြဿနာနှင့် အငြင်းပွားမှုများဖြစ်လာပါက အစိုးရ၏ တာဝန်သာဖြစ်ကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။
Credit.. The voice journal