20MP အရှေ့ကင်မရာနဲ့ AI ပါဝင်တဲ့ Oppo F5

ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းမှာ ကြော်ငြာနဲ့ အရောင်းမြှင့်တင်ရေး အစီအစဉ်များစွာ ပြုလုပ်ပြီး တစ်လကျော် အကြာမှာ Oppo F5 ကို တရားဝင် မိတ်ဆက်ခဲ့ပါတယ်။

Oppo F3 နောက်မှာထွက်ရှိလာတဲ့ F5 မှာ 18:9 ၆ လက်မ LCD မျက်နှာပြင်ပါဝင်ပြီး ရုပ်ထွက် အရည်အသွေးက 1080 x 2160px ရှိပါတယ်။ Oppo F5 စမတ်ဖုန်းရဲ့ fingerprint scanner ကို ကျောဘက်မှာတပ်ဆင်ထားပြီး face unlock ကိုလည်းထောက်ပံ့ထားပါတယ်။ Face unlock က fingerprint reader လောက် မလုံခြုံဘူးလို့ Oppo က သတိပေးထားပါတယ်။

Oppo F5 ဟာ ကင်မရာပိုင်းကို ဦးစားပေးထားပါတယ်။ ကျောဘက်ကင်မရာက 16MP f/1.8 aperture ဖြစ်ပြီး ရှေ့ကင်မရာက 20MP f/2.0 ဖြစ်ပါတယ်။ Selfie ကင်မရာမှာ 1/2.8-inch sensor ပါဝင်ပြီး AI beauty ကိုလည်း ထောက်ပံ့ထားပါတယ်။ Oppo F5 နဲ့ selfie ဓာတ်ပုံရိုက်ကူးတဲ့အခါ မျက်လုံး၊ နှာခေါင်း၊ မေးရိုး ဒါမှမဟုတ် ပါးရိုးလို အသွင်အပြင်တွေကို အသားပေးဖော်ပြပေးမှာပါ။ ဒါ့အပြင် အဲဒီ software ဟာ မျက်လုံးကို အရောင်တောက်ပအောင်လည်း ပြုလုပ်ပေးနိုင်ပါတယ်။

Oppo F5 မှာ artificial blur နဲ့ Portrait Mode selfie ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပါသေးတယ်။ Oppo F5 ကို storage 32GB နဲ့ RAM 4GB ဒါမှမဟုတ် storage 64GB/RAM 6GB ဆိုပြီး နှစ်သက်ရာမော်ဒယ်နဲ့ ဝယ်ယူနိုင်ပါတယ်။ Chipset အနေနဲ့ Cortex-A53 CPU core ရှစ်ခုနဲ့ Helio P23 ချစ်ပ်ကို အသုံးပြုထား ပါတယ်။

Oppo F5 ရဲ့တန်ဖိုးက ၂၅၃ ယူရိုဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံမှာ အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ ကြိုတင်မှာယူနိုင်ပါတယ်။ ရောင်းချမှုကိုတော့ လာမယ့်အပတ်မှာ စတင်သွားမယ်လို့ သိရပါတယ်။

 စိုးထက်
Ref: GSMArena