မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေကို ပြဋ္ဌာန်းရန်မသင့်ကြောင်း ရခိုင်အမျိုးသားပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ကန့်ကွက်

တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များ၏လုပ် ပိုင်ခွင့်ကို ချုပ်ကိုင်ထားရာရောက် ပြီး ဥပဒေပြုအဖွဲ့များကို ဗဟိုဦးစီး စနစ်ဖြင့် ထိန်းချုပ်သကဲ့သို့ဖြစ် လာနိုင်၍ မြန်မာနိုင်ငံလွှတ်တော် အဖွဲ့ဥပဒေကို ပြဋ္ဌာန်းရန်မသင့် ကြောင်း တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များနှင့် ရခိုင် အမျိုးသားပါတီကိုယ်စားလှယ် များက ကန့်ကွက်ကြောင်း ဆွေး နွေးသည်။

ပြည်သူ့လွှတ်တော်တွင် အတည်ပြုပြီး အမျိုးသားလွှတ်တော်သို့ ပေးပို့လာသော မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်းနှင့် ပတ်သက်၍​ အောက်တိုဘာ ၂၆ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော် အစည်းအဝေး တွင် ကိုယ်စားလှယ် ရှစ်ဦးက ဆွေးနွေးခဲ့ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ပါတီ ကိုယ်စားလှယ်နှစ်ဦးမှ အပ ကျန်သည့်ရခိုင်အမျိုးသားပါ တီကိုယ်စားလှယ်သုံးဦး၊ တပ်မတော်သား ကိုယ်စားလှယ်နှစ်ဦးနှင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ် တစ်ဦးတို့က ဥပဒေကြမ်းကို ပြဋ္ဌာန်းရန်မသင့်ကြောင်း ကန့် ကွက်ဆွေးနွေးခဲ့သည်။

လက်ရှိ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ တိုင်းဒေသကြီးနှင့် ပြည်နယ်များကို အာဏာပိုပေးရန် လိုနေသည့် အခြေအနေတွင် မြန် မာနိုင်ငံလွှတ်တော်အဖွဲ့ဥပဒေ ပြဋ္ဌာန်းရန် ကြိုးစားခြင်းက တိုင်းနှင့် ပြည်နယ်များကို အာဏာလျှော့ချရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေကြောင်း ရခိုင်ပြည်နယ်အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ်(၃)မှ လွှတ်တော်ကိုယ်စား လှယ် ဦးခင်မောင်လတ်က ပြော သည်။

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းတွင် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတာဝန်များကို ပြည်ထောင်စုလွှတ်တော်က ရယူထားကာ တိုင်းဒေသကြီးနှင့်ပြည် နယ်လွှတ်တော်ဥက္ကဋ္ဌများသည် အဖွဲ့ဝင်များ သာဖြစ်၍ အထက်အောက်ဆက်ဆံရေးသဘော သက်ရောက်နေကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးဇော်ဝင်းဦးက ပြောကြားသည်။

‘‘မြန်မာနိုင်ငံရှိ လွှတ်တော်များတွင် အထက်အောက်မရှိပါသဖြင့် လွှတ်တော်တစ်ခုက တခြားလွှတ်တော် (သို့မဟုတ်) တခြားအဖွဲ့အစည်းသို့ ပြန်လည်အစီရင်ခံခြင်းသည် ဗဟိုဦးစီးစနစ်ကို ကျင့်သုံးရာရောက်စေပါ တယ်’’ဟု ၎င်းကပြောသည်။  ပထမအကြိမ်လွှတ်တော် သက်တမ်းတွင် လွှတ်တော်အဖွဲ့ကို ပြည်ထောင်စု လွှတ်တော်၏အမိန့်ကြော်ငြာစာဖြင့် ဖွဲ့စည်းခဲ့ ခြင်းဖြစ်ပြီး ယခု ဒုတိယအကြိမ် လွှတ်တော်၌ မြန်မာနိုင်ငံ လွှတ်တော်ဆိုင်ရာအဖွဲ့ကို ၂၀၁၆ မတ် လ ၁ ရက်က ပြည်ထောင်စုလွှတ် တော်အစည်းအဝေးတွင် ဖွဲ့စည်း ခဲ့ရာ လွှတ်တော်အဖွဲ့သည် ဥပဒေ ပြဋ္ဌာန်းစရာမလိုဘဲ လုပ်ငန်းများ လည်ပတ်လျက်ရှိသည်ဟု ဗိုလ်မှူး ဇော်ဝင်းဦး က ထောက်ပြ ကြားသည်။

‘‘ယခုလို အချိန်အခါမျိုးတွင် ဗဟိုချုပ်ကိုင်လိုတဲ့ ဥပဒေများ ပြဋ္ဌာန်းခြင်းဟာ လွှတ်တော်များနှင့် အစိုးရ၏ ဆောင်ရွက်ချက်များကို တိုင်းဒေသကြီးပြည်နယ်များရှိ ဒေသခံပြည်သူများက ယုံကြည်မှု လျော့နည်းလာ နိုင်ခြင်း၊ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက ယုံကြည်မှုလျော့နည်းလာနိုင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲ များကိုပါ သက်ရောက်မှုရှိလာနိုင်ခြင်းတို့ကြောင့် ယခုလို အချိန်ကာလအတွင်း ဒီဥပဒေအား ပြဋ္ဌာန်းရန် မသင့်ပါကြောင်း တင်ပြအပ်ပါတယ်’’ဟု တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်ဗိုလ်မှူးကြီး ကျော်ကျော်က ဆွေးနွေးသည်။

တစ်သီး ပုဂ္ဂလကိုယ်စားလှယ် ပြည်ထောင်စုဝန်ကြီးဟောင်း ဦးစိုးသိန်းကလည်း တိုင်းရင်းသားများ လိုလားသည့် ဖက်ဒရယ်စနစ်ကို NCA (တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်)မှတစ်ဆင့် နိုင်ငံ ရေးဆွေးနွေးမှုများ ကျင်းပပြီး ရရှိလာသည့် ရလဒ်များနှင့်အညီ တည်ဆောက်ရန် ကြိုးပမ်းနေချိန်တွင် တိုင်းရင်းသားပြည်နယ်လွှတ် တော်များကို ပြည်ထောင်စုလွှတ်တော်၏ ဦးဆောင်မှုခံယူစေခြင်းသည် ဖက်ဒရယ်အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကို ထိခိုက်စေနိုင်ကြောင်း ဆွေးနွေးကာ ဥပဒေမပြဋ္ဌာန်းသင့် ကြောင်း ကန့်ကွက်သည်။

‘‘ဗဟိုဦးစီးဆောင်ရွက်တယ်ဆိုတာ စကားလုံးအရရော၊ အဓိပ္ပာယ်အရရော ဥပဒေပြဋ္ဌာန်းချက်အမြင် ဘယ်အမြင်နဲ့မှ အကျုံး မဝင်ပါဘူး။ ဗဟိုဦးစီးလည်း မဟုတ်ပါဘူး။ အစည်းအဝေးတစ်ခုမှာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် နာယကက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တာ။ အဲဒါ ဗဟိုဦးစီးစနစ်မှ မဟုတ်တာ’’ဟု အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဦးက ပြောသည်။  မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေပြဋ္ဌာန်း ခြင်းသည် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မထိခိုက်သကဲ့သို့ ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်လည်း ကိုက်ညီသည်ဟု ဦးလှဦးကပြောသည်။ ထို့ပြင် လွှတ်တော်အဖွဲ့ဥပဒေကြမ်း၏ ရည်ရွယ်ချက်များ ကောင်းမွန်ပြီး ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များအ ကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင် မည်ဟု ၎င်းက ဆိုသည်။

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေ၏ ရည်ရွယ်ချက်သည် လွှတ်တော်အသီးသီး၏ လုပ်ငန်း ဆောင်ရွက်မှု နည်းလမ်းများ မှန်ကန်ခိုင်မာပြီး အရည်အသွေးတိုးတက်မြင့် မားရေးသက်ဆိုင်ရာအ ဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ လွှတ်တော်အချင်းချင်းလုပ်ငန်း အတွေ့အကြုံဖလှယ်ရေးနှင့် စွမ်းရည်တိုးတက်ရေးကို ပူးပေါင်း ဆောင်ရွက်ရန်တို့ဖြစ် ကြောင်း ဥပဒေကြမ်းတွင် ဖော် ပြထားသည်။

ထို့ပြင် နိုင်ငံတကာ ဥပဒေပြု အဖွဲ့အစည်းများ၊ ရည်ရွယ်ချက်တူညီသော အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရအချင်း ချင်း အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံတ ကာလွှတ်တော်များအဖွဲ့နှင့် အာဆီယံလွှတ်တော်များညီလာခံအပါအဝင် နိုင်ငံတကာနှင့် ဒေသတွင်း လွှတ်တော်ဆိုင်ရာ အဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ရန် ရည်ရွယ်သည်ဟုလည်း ဥပဒေကြမ်းတွင် ပါရှိသည်။  မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ဆွေးနွေးချက် များနှင့်ပတ်သက်၍ အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် ဆုံးဖြတ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်း ဝင်းခိုင်သန်းက ကြေညာခဲ့သည်။

မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းကို ပြီးခဲ့သည့် ပဉ္စမ အကြိမ် လွှတ်တော်ပုံမှန်အစည်း အဝေးကာလ သြဂုတ် ၂၂ ရက် တွင် ပြည်သူ့လွှတ်တော်၌ မဲခွဲ၍ အတည်ပြုခဲ့သည်။