မြေပေါ်ရေပေါ် နျူကလီးယား ဖောက်ခွဲ စမ်းသပ်မှု ပြုလုပ်နိုင်ကြောင်း မြောက်ကိုရီးယား ခြိမ်းခြောက်

မြောက်ကိုရီးယား အနေဖြင့် မြေပေါ်ရေပေါ် နျူကလီးယား ဖောက်ခွဲ စမ်းသပ်မှုတစ်ခု ပြုလုပ်လာနိုင်ကြောင်း အစိုးရ ထိပ်တန်း အရာရှိ တစ်ဦးက ခြိမ်းခြောက် ကြေညာခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် လပိုင်းအတွင်းက ၎င်းတို့၏ ဆဋ္ဌမအကြိမ် ဟိုက်ဒရိုဂျင်ဗုံး ဖောက်ခွဲမှုကို မြေအောက်တွင် စမ်းသပ်ပြုလုပ်ခဲ့သည်။ သို့သော် အမေရိကန်နှင့် နိုင်ငံတကာက ယင်းကိစ္စအပေါ် အလေးအနက် ပူပန်မှု မရှိသည့် သဘောမျိုး တုံ့ပြန်ခဲ့ခြင်းအပေါ် မြောက်ကိုရီးယားက ဒေါသထွက်နေဟန် ရှိသည်။

CNN သတင်းဌာနနှင့် ပြုံယမ်းတွင် တွေ့ဆုံချိန်၌ အစိုးရ ကိုယ်စားလှယ် ရီယောင်ပီလ်က မိမိတို့ နိုင်ငံခြားရေး ဝန်ကြီး၏ မှတ်ချက်စကားကို ပေါ့ပေါ့ဆဆ သဘောမထားသင့်ကြောင်း၊ မြောက်ကိုရီးယားသည် နျူကလီးယား ဗုံးတစ်လုံး မြေပေါ်တွင် ဖောက်ခွဲစမ်းသပ်ရန် အမြဲတမ်း အသင့်အနေအထား စဉ်းစားချိန်ဆနေကြောင်း ပြောကြားသွားသည်။

မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ရီယောင်ဟိုက ပြီးခဲ့သည့်လက ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်ခဲ့ရာ၌ မြောက်ကိုရီးယားက နောက်ထပ် နျူကလီးယား စမ်းသပ်မှုသည် မြေအောက်တွင် မဟုတ်ဘဲ မြေပေါ်တွင် ဖြစ်လာနိုင်ကြောင်း၊ ပစိဖိတ် သမုဒ္ဒရာအတွင်း တစ်နေရာရာတွင် စမ်းသပ်ရန်လည်း အလားအလာ ရှိနေကြောင်း မှတ်ချက်ပေးခဲ့သည်။

မြောက်ကိုရီးယား၏ နောက်ဆုံးအကြိမ် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်မှု အပြီးတွင် အမေရိကန်က ဦးဆောင်ကာ ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ပြင်းပြင်းထန်ထန် အရေးယူ ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်ကမူ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မိမိတို့သည် မြောက်ကိုရီးယား၏ နျူကလီးယား ပြဿနာနှင့် ပတ်သက်၍ ဖြစ်နိုင်ခြေ အားလုံးအတွက် ကြိုတင် ပြင်ဆင်ထားကြောင်း မော်ကြွား ပြောဆိုခဲ့သေးသည်။

ထရမ့်သည် နိုဝင်ဘာလအတွင်း တောင်ကိုရီးယားသို့ သွားရောက်ရန် ရှိသော်လည်း တောင်နှင့်မြောက် ကိုရီးယား နှစ်နိုင်ငံ နယ်ခြားဒေသထိ ခရီးဆန့်ရန် ဖြစ်နိုင်ခြေ နည်းပါးလွန်းကြောင်း အိမ်ဖြူတော် တာဝန်ရှိသူ တစ်ဦးက မှတ်ချက်ပြု ပြောဆိုထားသည်။

  Ref: CNN