မုန်တိုင်းဒဏ်သင့် ပြည်သူများအားကူညီရန် ရန်ပုံငွေရရှိရေးအခမ်းအနားသို့ ကန်သမ္မတဟောင်းငါးဦး တက်ရောက်

ယခုနှစ်အတွင်း အမေရိကန်နိုင်ငံ၌ ဟာရီကိန်းမုန်တိုင်းခံစားခဲ့ရသော ဒေသခံများအား အကူအညီပေးရန် ရန်ပုံငွေရရှိရေးဖျော်ဖြေပွဲအခမ်းအနားတစ်ခုသို့ ကန်သမ္မတဟောင်း ငါးဦး စုပေါင်းတက်ရောက်ခဲ့သည်။

အောက်တိုဘာ ၂၁ ရက် တက္ကဆက်ပြည်နယ်တွင် ကျင်းပသော ထိုအခမ်းအနားသို့ ဘားရက်အိုဘားမား၊ ဂျော့ခ်ျဒဗလျူဘုရှ်၊ ဘီလ်ကလင်တန်၊ ဂျော့ခ်ျအိတ်ဒဗလျူဘုရှ်၊ ဂျင်မီကာတာ တို့ တက်ရောက်လာကြသည်။
ဟာဗေ၊ အာမာနှင့် မာရီယာစသည့် ဟာရီကိန်းမုန်တိုင်းများ ဝင်ရောက်တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ် ခံစားခဲ့ရသော ပြည်သူများအား ကူညီရန် One America Appealအဖွဲ့နှင့် အတူ အဆိုပါဒီမိုကရက်တစ် သမ္မတဟောင်း သုံးဦးနှင့် ရီပက်ဘလေကန်သမ္မတဟောင်း နှစ်ဦးတို့အတူ ပါဝင်ခဲ့ကြသည်။

လက်ရှိအချိန်အထိ မုန်တိုင်းဒဏ်သင့်ပြည်သူများအား ကူညီရန် ရန်ပုံငွေ ကန်ဒေါ်လာ ၃၁ သန်း ရရှိထားသည်။

သြဂုတ်အတွင်း တက္ကဆက်ပြည်နယ်သို့ ဟာရီကိန်းမုန်တိုင်း ဟာဗေဝင်ရောက်တိုက်ခိုက်ခဲ့ရာ အများအပြား ပျက်စီးဆုံးရှုံးပြီးနောက် One America Appeal အဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

သို့သော် ဟာဗေမုန်တိုင်းပြီးနောက် ဖလော်ရီဒါပြည်နယ်သို့ ဟာရီကိန်းမုန်တိုင်းအာမာ ဝင်ရောက်ခဲ့ပြီး အမေရိကန်ပိုင် ကာရစ်ဘီယံဒေသရှိ ပွာတိုရီကိုကျွန်းသို့ ဟာရီကိန်းမုန်တိုင်းမာရီယာ ဆက်လက်ဝင်ရောက် တိုက်ခိုက်ခဲ့သည်။

ထို့ကြောင့် One America Appeal အဖွဲ့သည် တက္ကဆက်ပြည်နယ်တစ်ခုတည်းသာမက ထိုမုန်တိုင်းသုံးခုဒဏ် ခံစားရသော အမေရိကန်ပြည်သူများသို့ကူညီရန် ဆောင်ရွက်ခဲ့သည်။

‘‘သမ္မတဟောင်းတွေအနေနဲ့ ကျွန်တော်တို့ရဲ့ အမေရိကန်နိုင်ငံသားတွေကို ကူညီချင်ပါတယ်’’ဟု အိုဘားမားက ပြောသည်။

အဆိုပါအခမ်းအနားတွင် ကန်သမ္မတဟောင်းငါးဦး တက်ညီလက်ညီစုဝေးခဲ့သော်လည်း လက်ရှိသမ္မတ ဒေါ်နယ်ထရန့် တက်ရောက်လာခြင်းမရှိပေ။

— Ref:BBC