မက္ကဆီကို နယ်ခြား တံတိုင်းအတွက် အမေရိကန်တွင် နမူနာ တည်ဆောက်မှုများ ရုပ်လုံးပေါ်လာ
မက္ကဆီကို နယ်ခြားတံတိုင်းအတွက် အမေရိကန်တွင် နမူနာပုံစံ တည်ဆောက်နေသည့် ဒီဇိုင်းအချို့ စတင် ရုပ်လုံးပေါ်လာပြီ ဖြစ်သည်။ အမေရိကန် ရွေးကောက်ပွဲကာလအတွင်း ဒေါ်နယ်လ်ထရမ့် မဲဆွယ် စည်းရုံးခဲ့သည့် အဓိက ကတိတစ်ခုမှာ ရွှေ့ပြောင်းလုပ်သားများ ဝင်ရောက်မှုကို တားဆီးရန်အတွက် မက္ကဆီကိုနှင့် အမေရိကန် နယ်ခြားတလျှောက် တံတိုင်းရှည်ကြီး ကာကွယ်သွားမည် ဆိုခြင်း ဖြစ်သည်။
ထရမ့် သမ္မတ ဖြစ်လာသည့်နောက် ၎င်း၏ ရွေးကောက်ပွဲ ကတိကို လက်တွေ့ အကောင်အထည် ဖော်ရန် စီစဉ်လာသည်။ လွှတ်တော်တွင်း ဝေဖန်ကန့်ကွက်မှုများ ရှိနေသည့်တိုင် ဆန်ဒီယေဂိုမြို့တွင် တံတိုင်း၏ ပုံစံတူ နမူနာ ရှစ်မျိုးကို စတင် တည်ဆောက်ခဲ့သည်။ ပုံစံအရရော၊ ဖွဲ့စည်းထားသည့် ပစ္စည်းများ အရပါ လုံးဝ ခြားနားသည့် ယင်းဒီဇိုင်းများအနက်မှ အဆင်အပြေဆုံးကို ရွေးချယ်ရန် စီစဉ်ထားသည်။
ပါဝင်တည်ဆောက်သည့် ကုမ္ပဏီများ အနေဖြင့် နမူနာ ပုံစံအတွက် အောက်တိုဘာ ၂၆ ရက်ထိ အချိန်ရှိ သေးသော်လည်း အနည်းဆုံး နှစ်ခုသည် အပြီးသတ်အဆင့် ရောက်နေပြီဟု အမေရိကန် နယ်ခြားစောင့် ကင်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ အရာရှိ သီရွန် ဖရန်ဆစ္စကိုက မှတ်ချက်ပေးခဲ့သည်။ တံတိုင်းတည်ဆောက် နေသည့် ကာလအတွင်း အမေရိကန်ဘက်သို့ ခိုးဝင်ရန် အားထုတ်မှုအချို့ ရှိခဲ့သော်လည်း ၎င်းတို့ကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်းလည်း ဖရန်ဆစ္စကိုက ဆိုသည်။
ယခုနမူနာ တံတိုင်းများအတွက် အစိုးရ အနေဖြင့် တစ်ခုလျှင် ဒေါ်လာ ငါးသိန်းမျှ ကုန်ကျခဲ့ကြောင်း သိရသည်။ နမူနာ အားလုံးသည် ပေ ၃၀ စီ ခြားထားပြီး အထူ၊ အချိုးအဆက်နှင့် ဒီဇိုင်းစိတ်ကူးများ မတူညီကြချေ။ တံတိုင်းများသည် ၁၈ ပေမှ ပေ ၃၀ ကြား အမြင့်ရှိကြပြီး ခိုးဝင်ရန် ကြိုးစားသူများကို စောင့်ကြည့်မည့် ဒစ်ဂျစ်တယ် ထောက်လှမ်းရေး နည်းပညာများပါ ထည့်သွင်း တပ်ဆင်ထားကြောင်း သိရှိရသည်။
Ref: Washington Post