လတ်စ်ဗီးဂတ်စ်ပစ်ခတ်မှု ဒဏ်ရာရသူက လက်နက်ရှာဖွေရေးကုမ္ပဏီကို တရားစွဲ

လတ်စ်ဗီးဂတ်စ် ပစ်ခတ်မှုအတွင်း အသက်မသေ လွတ်မြောက်ခဲ့သူတဦးက  ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ ဟိုတယ်လုပ်ငန်း လုပ်ကိုင်သူတွေ၊ စတိတ်ရှိုးပွဲ စီစဉ်သူတွေနဲ့ လက်နက်ရှာဖွေရေးကိရိယာ ကုမ္ပဏီကို တရားစွဲဆိုလိုက်ပါတယ်။

အဲဒီတရားစွဲဆိုမှုကို နီဗားဒါးပြည်နယ် ကလာ့ခ်ကောင်တီမှာ အောက်တိုဘာ ၁၁ ရက်နေ့က ပြုလုပ်ခဲ့တာပါ။

အသက် ၂၁ နှစ်အရွယ် ပေ့ခ်ျဂတ်စ်ပါဆိုသူ အမျိုးသမီးဟာ လတ်စ်ဗီးဂတ်စ် ပစ်ခတ်မှုမှာ ထိမှန်ခဲ့တဲ့ ကျည်ဆန်ကြောင့် နံရိုးတွေ ကြေမွခဲ့ပြီး အသည်းပေါက်ပြဲခဲ့ရပါတယ်။

ပေ့ခ်ျဂတ်စ်ပါရဲ့ မိခင်ဖြစ်သူက “ကျမတို့က ရိုးရိုးအေးအေးနေတဲ့ မိသားစုပါ။ ငွေကြေးကြောင့် အခုလို တရားစွဲတာ မဟုတ်ပါဘူး။ အလေ့အထတွေနဲ့ လုံခြုံရေးပိုင်းမှာ အပြောင်းအလဲလိုချင်လို့ ခုလိုလုပ်ရတာပါ။ ရှိုးပွဲလက်မှတ် တစောင် ဝယ်လိုက်ပြီဆိုကတည်းက ကိုယ့်လုံခြုံရေးကို တာဝန်ယူသလားဆိုတာပါ သိဖို့လိုအပ်ပါတယ်။ လူစုလူဝေး ရှိတဲ့အခါမျိုးဆို လုံခြုံရေးပိုင်းကို အလေးထားသင့်ပါတယ်။ ကမ္ဘာကြီးပြောင်းလဲနေသလို ကျမတို့ရဲ့ အလေ့အထတွေကိုလည်း ပြောင်းလဲဖို့ လိုအပ်ပါတယ်” လို့ ပြောသွားခဲ့ပါတယ်။

သူမရဲ့ ရှေ့နေဖြစ်သူက “ကျနော်တို့ဟာ တရားစွဲဆိုမှုကနေတဆင့် လူတွေ၊ နေရာတွေ ပိုပြီး ဘေးကင်း လုံခြုံအောင် လုပ်ဆောင်နေတာ ကြာပါပြီ။ တရားစွဲဆိုမှုကနေ စာရွက်စာတမ်းတွေ၊ လုပ်ထုံးလုပ်နည်းတွေ လေ့လာဖို့ သက်သေတွေနဲ့ ဆွေးနွေးဖို့ အခွင့်အလမ်း ရရှိပါတယ်။ အဆုံးတနေ့မှာ သက်ဆိုင်ရာ ကုမ္ပဏီတွေဟာ ပိုမိုကောင်းမွန်တဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့ လူတွေကို ကူညီပေးဖို့ မျှော်လင့်ပါတယ်” လို့ ပြောခဲ့ပါတယ်။

MGM Resorts International နဲ့ မန္တလေးဘေး ဟိုတယ်ကို ပိုင်ဆိုင်တဲ့ သူ့ရဲ့ကုမ္ပဏီခွဲ Mandalay Corp., တို့ဟာ သေနတ်သမား ပတ်ဒေါ့ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ဖို့ ပျက်ကွက်ခဲ့ပြီး သေနတ်ပစ်ခတ်မှုအပေါ် တုံ့ပြန်မှု နှေးကွေးခဲ့ပါတယ်။

သေနတ်သမားဟာ လုံခြုံရေးဝန်ထမ်းကို ပစ်ခတ်ပြီး ၆ မိနစ်ကြာမှ ဖျော်ဖြေပွဲရှိ လူအုပ်ကို ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၁ ရက်နေ့က လတ်စ်ဗီးဂတ်စ်မြို့မှာ ပြုလုပ်နေတဲ့ ဂီတဖျော်ဖြေပွဲအတွင်း ပတ်ဒေါ့ဆိုတဲ့ သေနတ်သမားတဦးက စက်သေနတ်နဲ့ ၉ မိနစ်ကြာ ပစ်ခတ်မှုကြောင့် အနည်းဆုံး လူ ၅၉ ဦး သေဆုံးခဲ့ပြီး ၅၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။

(DVB)