MPT အော်တိုတယ်လီဖုန်းလိုင်းများအား အဆင့်မြှင့်တင်ခြင်းနှင့် လိုင်းတိုးချဲ့ခြင်းများဆောင်ရွက်

MPT ရဲ့ အော်တိုတယ်လီဖုန်းတွေ လိုင်းအဆင့်မြှင့်တင်တာနဲ့ လိုင်းတိုးချဲ့ခြင်းတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ လက်ရှိအသုံးပြုနေတဲ့ TDM (Time Division Multiplex) အိတ်ချိန်းတွေကို MSANs (Multi-Service Access Nodes) နောက်ဆုံးပေါ် ခေတ်မီအိတ်ချိန်းစက်များဖြင့် လဲလှယ်တပ်ဆင်လျက် ရှိတယ်လို့ ဆိုပါတယ်။

အော်တိုတယ်လီဖုန်းများ အဆင့်မြှင့်တင်ခြင်းနဲ့ လိုင်းတိုးချဲ့ခြင်းလုပ်ငန်းတွေကို ၂၀၁၅ ခုနှစ်ကနေ စတင်လုပ်ဆောင်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အိတ်ချိန်းပေါင်း ၄၀၀ ကျော်မှာ MSAN စက် အလုံးပေါင်း ၁၅၀၀ ကျော်ကို လဲလှယ်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“ပိုမိုကောင်းမွန်တဲ့ အရည်အသွေးနဲ့ ဝန်ဆောင်မှုတွေကို ပေးနိုင်ဖို့အတွက် ခေတ်မီအိတ်ချိန်း (MSAN) စက်တွေနဲ့ လဲလှယ်တပ်ဆင်နေခြင်း ဖြစ်ပါတယ်၊ ကွန်ရက်အရည်အသွေးတွေဟာ အရင်ကထက်ပိုမိုမြင့် တက်လာမှာပါ၊ ဥပမာပြောရရင်မူလက Copper အရှည် ၂ ကီလိုမီတာ ရှိတယ်ဆိုရင် ၁ ကီလိုမီတာ အောက်မှာပဲ ထားထားတာဖြစ်တဲ့အတွက် လိုင်းပြတ်တာတွေ လျော့နည်းသွားမှာ ဖြစ်သလို ဝန်ဆောင်မှု အပိုင်းမှာလည်း ပိုမိုမြန်ဆန်စွာဖြင့် လုပ်ဆောင်ပေးနိုင်မှာဖြစ်တဲ့အပြင် နည်းပညာပိုင်းမှာလည်း သုံးစွဲသူ လိုအပ်ချက်အလိုက် Fiber များအထိ ချိတ်ဆက်သုံးစွဲလာနိုင်မှာ ဖြစ်ပါတယ်” လို့ MPT-KSGM Joint Operations မှ Chief Technical Officer ဖြစ်သူ Mr. Masahiro Tada ကဆိုပါတယ်။

အော်တိုတယ်လီဖုန်း လိုင်းနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို မေးမြန်းနိုင်ဖို့အတွက် MPT Call Center နံပါတ်ဖြစ်တဲ့ ၁၀၆ နဲ့ ၀၁-၂၃၉၉၁၀၆ မေးမြန်းနိုင်တယ်လို့ ဆိုပါတယ်။

-ထွန်းထွန်း